မိခင်ဘာသာစကားတစ်မျိုးပဲ ပြောတတ်သူနဲ့ ဘာသာစကား နှစ်မျိုး၊ သုံးမျိုး ပြောတတ်သူတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဘယ်လိုမတူညီ ကွဲပြားမှုတွေ အားသာချက် အားနည်းချက်တွေ ပိုင်ဆိုင်နိုင်မယ်လို့ ထင်ပါသလဲ။

အလုပ်အကိုင်အခွင့်အလမ်းရရှိမှုနဲ့ နှီးနွယ်ပြီး ပြောရမယ်ဆိုရင် ဘာသာစကားးနှစ်မျိုး (သို့) သုံးမျိုးခန့် ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သူတွေက တစ်ပန်းပိုသာနေတာကို တွေ့ရပါတယ်။ အခြားအားသာချက်တွေရော မရှိနိုင်ဘူးလား။

စာဖတ်သူအနေနဲ့ ဘာသာစကားတစ်ခုထက်ပိုပြီး ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်မယ်ဆိုရင် အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

ခရီးသွားတဲ့အခါ အခက်အခဲမရှိ သွားလာနိုင်ခြင်း

နိုင်ငံခြားခရီးထွက်မယ်ဆိုပါစို့။ ထိုဒေသမှာရှိတဲ့ နယ်ခံတွေပြောတဲ့စကားကို သင်ကိုယ်တိုင်က နားလည်တတ်ကျွမ်းစွာ ပြောဆိုနိုင်မယ်ဆိုရင် ခရီးသွားတဲ့အခါ အခက်အခဲမရှိ သွားလာနိုင်သလို တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာမှာလည်း အခက်အခဲမရှိ ဆက်သွယ်နိုင်မှာပဲဖြစ်ပါတယ်။

တစ်ခုတော့ရှိပါတယ်။ မိမိသွားမယ့်ဒေသအကြောင်းကို မသွားခင်ကတည်းက သေသေချာချာလေ့လာထားဖို့ လိုပါမယ်။

အစားအစာ အသစ်အဆန်းများကို မြည်းစမ်းကြည့်နိုင်ခြင်း

နိုင်ငံရပ်ခြားကို ခရီးထွက်တဲ့အခါ မဖြစ်မနေ ပြုလုပ်သင့်တဲ့အရာကတော့ သူတို့ရဲ့ဒေသအစားအစာကို မြည်းစမ်းကြည့်ဖို့ပါပဲ။ အစားအစာများ မြည်းစမ်းကြည့်ပြီးနောက်မှာ ကြိုက်နှစ်သက်တယ်ဆိုရင် အင်တာနက်ပေါ်ကနေ ချက်ပြုတ်နည်းတွေကို လေ့လာကြည့်လိုက်ရုံပါပဲ။ မိမိက ထိုဘာသာစကားကို တတ်ကျွမ်းတဲ့အတွက်ကြောင့် အလွယ်လေး ဘာသာပြန်လိုက်ရုံပါပဲ။

ဦးနှောက်စွမ်းဆောင်ရည် မြင့်မားခြင်း

ဘာသာစကားအသစ် လေ့လာခြင်းက Gym သွားတာနဲ့ တူပါတယ်။ စကားလုံးအသစ်တစ်လုံးကို လေ့လာသင်ယူမယ်။ ပြီးရင် ဦးနှောက်ထဲမှာ စွဲနေအောင် ကျက်မှတ်လေ့လာမယ်။ ပြီးရင် ထိုစကားလုံးကို ပြန်လည်အသုံးချခြင်းအားဖြင့် သင့်ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ပါတယ်။

အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ ဘာသာစကားနှစ်မျိုးခန့် ပြောတတ်တဲ့သူတွေ  ဘာသာစကားတစ်မျိုးပဲ ပြောတတ်တဲ့သူတွေထက် ဉာဏ်ရည်ပိုမြင့်မားတာကို လေ့လာတွေ့ရှိရပါတယ်။

မိတ်ဆွေအသစ်ဖွဲ့နိုင်ခြင်း

ဘာသာစကားသင်တန်းမှာ သူငယ်ချင်းအသစ်တွေ ရလာမယ်။ ဒါ့အပြင် Conversation Club ၊ Reading Club စသည်ဖြင့် အုပ်စုဖွဲ့ပြီး မိမိဝါသနာပါတဲ့ အဖွဲ့ထဲ ဝင်မယ်။ ပြီးရင် ကိုယ်နဲ့ ဝါသနာတူတဲ့ သူငယ်ချင်းအသစ်များနဲ့လည်း မိတ်ဆွေဖွဲ့နိုင်တာပေါ့။

ဘာသာစကားအသစ်တစ်မျိုးလေ့လာသည်နှင့်အမျှ သင့်ရဲ့လူမှုဆက်ဆံရေးနယ်ပယ်သည်လည်းပဲ ပိုမိုကျယ်ပြန့်လာမှာဖြစ်ပါတယ်။ သူငယ်ချင်းအသစ်များနဲ့ မိတ်ဆွေဖွဲ့နိုင်လေ မိမိအတွက် ကောင်းကျိုးများလေပါပဲ။

ဒီလိုအကြောင်းပြချက်များကြောင့် လူတိုင်းလူတိုင်း ဘာသာစကားအသစ်တစ်မျိုးစီကို လေ့လာသင်ယူသင့်တယ်လို့ ထင်မြင်မိကြောင်းပြောကြားရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ရပါတယ်။

Photo Source: Freepik.com

Source: Listovative.com