ပရော်ဖက်ရှင်နယ်ဆိုတာ တစ်ဘဝလုံး ဒီအသက်မွေးဝမ်းကျောင်းနဲ့ ဝမ်းစာရှာသွားမယ့်သူကို ပြောတာပါ။ တစ်သက်လုံး လုပ်သွားမယ့်အလုပ်တစ်ခုမှာ အောင်မြင်ချင်ရင် ပင်ကိုယ်စည်းကမ်းလေးတွေ ထားဖို့ လိုပါတယ်။ ပရော်ဖက်ရှင်နယ်တစ်ယောက်အတွက် ထားတဲ့စည်းကမ်းဆိုတာ သူ့နာမည်အတွက် အသက်ပါပဲ။ ဒီတော့ ပရော်ဖက်ရှယ် Way သွားမယ့်သူတွေအတွက် ထားဖို့ လိုတဲ့ စည်းတချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) သတ်မှတ်ချိန်ထက် အရင် ပြီးနေပါစေ

businesspeople-working-as-team-with-laptop

Photo: Freepik

ပရော်ဖက်ရှင်နယ်တစ်ယောက်အတွက် အချိန်စည်းကမ်းရှိခြင်းဟာ သူ့အတွက် ဂုဏ်သိက္ခာတစ်ခုပါပဲ။ အချိန်တိကျတယ် ၊ အချိန်လေးစားတယ်ဆိုတဲ့ ဂုဏ်ဟာ တော်တယ်ချွန်တယ်ဆိုတဲ့ ဂုဏ်တွေနဲ့တောင် ရင်ပေါင်တန်းလို့ရပါတယ်။ ကိုယ်တာဝန်ယူထားတဲ့ ပရောဂျက်တစ်ခု သတ်မှတ်အချိန်ထက် စောပြီး အစပျိုးလေ့လာထားမယ်၊ နောက်ဆုံးသတ်မှတ်ရက် မတိုင်ခင် အလုပ်တွေ လက်စသတ်အပြီးအပ်နိုင်ရပါမယ်။

အလုပ်တစ်ခုကို ဝီရိယကောင်းကောင်းနဲ့ စတင်တယ်ဆိုတာ ဝန်ထမ်းကောင်းဖြစ်ကြောင်း ပြတာ မဟုတ်ပါဘူး။ ကိုယ့်အလုပ်ကို ဘယ်လောက်လေးစားတယ် ၊ အလုပ်တွေကို ကြိုပြီး အစီအမံထားတတ်တယ်ဆိုတာ ပြတာ ဖြစ်တဲ့အပြင် ကိစ္စဝိစ္စတွေကို ကြိုစီစဉ်နိုင်ဖို့ အချိန်လည်း ပိုရအောင် ယူတတ်တယ်ဆိုတဲ့ အလေ့အကျင့်ကောင်းကို မွေးနေတာပါပဲ။

(၂) လုပ်ဖော်ကိုင်ဖက်တွေရဲ့ အချိန်ကိုလည်း လေးစားပါ

colleagues-working-office-relaxed-atmosphere

Photo: Freepik

ကိုယ့်အချိန်ကို လေးစားသလိုပါပဲ။ ကိုယ်နဲ့ တစ်ရုံးတည်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ အချိန်ကိုလည်း လေးစားမှုရှိဖို့ အရေးကြီးပါတယ်။ ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုမူတယ်ဆိုရာမှာ သူ့အကန့် ကိုယ့်အကန့် Respect ထားတတ်သလို သူ့အချိန် ကိုယ့်အချိန်ကိုလည်း အလေးထားဖို့က အဓိကအချက်ဖြစ်ပါတယ်။ အလုပ်ခွင်ထဲမှာပဲ ကိုယ့် Team Member တွေနဲ့ အလုပ်ကိစ္စအတွက် အချိန်ယူပါ။ ပုံမှန်အလုပ်ချိန် နာရီပြီးသွားရင်တော့ သူတို့ကို အလုပ်ကိစ္စအတွက် ဆက်သွယ်တာမျိုး ရှောင်ရှားသင့်ပါတယ်။

(၃) တစ်ခုခု မှားနေရင် ထပြောတတ်ပါစေ

businesspeople-working-as-team-with-laptop

Photo: Freepik
လုပ်ငန်းခွင်မှာ တလွဲတချော်ဖြစ်နေတာကို မြင်ရင် ငြိမ်မနေဖို့ လိုပါတယ်။ ပရော်ဖက်ရှင်နယ်ဆိုတာ ကျင့်ဝတ်ရှိဖို့ လိုပါတယ်။ အရည်အသွေးနိမ့် တလွဲလက်ရာတွေ ထုတ်တာကို နှုတ်ဆိတ်နေတယ်ဆိုတာ ကိုယ့်ပရော်ဖက်ရှင်နယ်စည်းကို ကိုယ်ဖောက်လိုက်တာပါပဲ။ ရုံးထဲမှာ အလုပ်ကိစ္စအပြင် လိင်ခွဲခြားဆက်ဆံခံရတာ ၊ အနိုင်ကျင့်ခံရတာတွေ ရှိရင် Speak Out လုပ်ပါ။ ကိုယ့်လက်အောက်ငယ်သားတွေကိုလည်း ထုတ်ပြောရဲဖို့ အားပေးပါ။

(၄) မသိလို့ မေးတာ ပြဿနာမဟုတ်ပါ

men-analyzing-graph-together-work

Photo: Freepik

တစ်ယောက်ယောက်ဆီက အကူအညီတောင်းတာကို အားနည်းချက်လို့ မတွေးလိုက်ပါနဲ့။ ဘယ်သူမှ မိုးအစမြေအဆုံး နယ်ပယ်တစ်ခုမှာ တစ်ဖက်ကမ်းခတ် ကျွမ်းတယ်ဆိုတာ မရှိပါဘူး။ အမှားတွေ့ရင်း အမှန်ရဖို့ လေ့လာရင်းနဲ့ တိုးတက်အောင် သင်နေကြတာပါ။ ဒါကြောင့် ကိုယ်တိုင်ဖြေရှင်းဖို့ လမ်းမတွေ့တော့တဲ့အခါ အကူအညီတောင်းဖို့ ၊ မသိတာကို ရိုးရိုးသားသား မေးမြန်းတတ်ဖို့ လိုပါတယ်။

ဒီလိုပါပဲ။ မသိလို့ဖြစ်စေ ၊ အကူအညီလိုလို့ ဖြစ်စေ ကိုယ့်ဆီကို ရောက်လာသူတွေကိုလည်း တတ်နိုင်သမျှ အကူအညီပေးလိုက်ပါ။ သူတို့ရုန်းကန်နေရတဲ့ ပြဿနာကို အသိအမှတ်ပြုပါ။ တတ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းနဲ့ ကူညီပေးပါ။ ဒီလို အပြန်အလှန်မျှဝေ ကူညီခြင်းကပဲ ပရော်ဖက်ရှင်နယ်လောကတင်မဟုတ်ဘဲ လူမှုကမ္ဘာကြီးပါ သာယာတိုးတက်စေမယ့်အကြောင်း ဖြစ်ပါတယ်။