ကျွန်တော်တို့ အားလုံးဟာ နေ့စဉ်နေ့တိုင်းမှာ စားဝတ်နေရေးကို အကြောင်းပြုပြီး ငွေရှာရ ၊ ငွေသုံးနေကြရပါတယ်။ ငွေဟာ ရှာဖို့ ဖွေဖို့ ခက်ခဲပြီး သုံးရဖြုန်းရ သိပ်လွယ်တယ်ဆိုတာလည်း အားလုံးအသိပါ။ ဒါကြောင့်ပဲ ငွေသုံးစွဲမှုနဲ့ ပတ်သက်လို့ စည်းကမ်းလေးတွေ ထားဖို့ ဖြစ်လာတာပါ။ ငွေသုံးစွဲမှုကို စည်းကမ်းထားခြင်းဟာ မချမ်းသာရင်တောင် ခက်ခဲမသွားစေဖို့ အထောက်အကူပြုပါတယ်။ ဒီဆောင်းပါးမှာ အခြေခံအကျဆုံး ငွေကြေးဆိုင်ရာစည်းမျဉ်းတစ်ချို့ကို ဖော်ပြထားပါတယ်။

(၁) စနစ်ဇယားနဲ့ သုံးစွဲပါ

Photo: Freepik

အကြွေးမတင်ဖို့အတွက် အရေးကြီးတာက အသုံးအစွဲမှာ စည်းကမ်းထားတာပဲ ဖြစ်ပါတယ်။ ငွေကို စည်းစနစ်နဲ့ သုံးစွဲခြင်း ၊ မလိုအပ်ဘဲ လက်မဖွာခြင်းက သင့်ကို အကြွေးနွံထဲ မကျရောက်အောင် ကူညီပေးမှာပါ။

(၂) အရေးပေါ်ရံပုံငွေထားပါ

Photo: Freepik

အရန်အနေနဲ့ အရေးပေါ်အခြေအနေတွေမှာ ထုတ်သုံးနိုင်လောက်အောင် ပိုက်ဆံချန်ထားဖို့လည်း လိုပါတယ်။ လစဉ်နေ့စဉ် ကုန်ကျစရိတ်တွေကို ဖြေရှင်းနေချိန်မှာ မမျှော်လင့်ထားတဲ့ အခြေအနေအတွက် ကြိုတင်ပြီး ကိုယ့်ဝင်ငွေကနေ ချန်လှပ်သိုမှီးထားတဲ့ အကျင့်မွေးပါ။ ငွေကို အမြော်အမြင်ရှိရှိ ဘေးဖယ်စုဆောင်းထားမယ်ဆိုရင် အနာဂါတ်အတွက် ရင်အေးရပါလိမ့်မယ်။

(၃) စုဆောင်းပါ။ မြှပ်နှံပါ

Photo: Freepik

ငွေရှာပါ။ ငွေစုပါ။ ငွေနဲ့ အလုပ်လုပ်ပါ။ ငွေကို ပြန်ခိုင်းစားပါ။ ငွေရဲ့ အခိုင်းခံဘဝကနေ လွတ်စေဖို့ ဖြစ်ပါတယ်။

(၄) ပေးပါ ။ ကမ်းပါ

Photo: Freepik

မနှမြောသင့်တဲ့နေရာတွေမှာ နှမြောတွန့်တိုမနေပါနဲ့။ ကိုယ်ရှာထားတဲ့ ငွေတွေရဲ့ အကျဉ်းသားအဖြစ် မခံပါနဲ့။ လောကအကျိုးအတွက် ရက်ရောစွာ စွန့်လွှတ်ရမယ့် နေရာတွေမှာ ပြတ်ပြတ်သားသား လှူဒါန်းပေးကမ်းပါ။ ပိုက်ဆံချမ်းသာရုံနဲ့ ပျော်ရွှင်ရတာ မဟုတ်ပါဘူး။ လူ့လောကမှာ လူ့အဖိုးတန်တစ်ယောက်အဖြစ် ကိုယ်နိုင်ရာ နေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့်ပါခြင်းကလည်း ချမ်းသာသုခပါပဲ။