လက်ရှိမှာ Covid – 19 ရောဂါရဲ့ ဒုတိယလှိုင်းက မြန်မာနိုင်ငံကိုထပ်မံရိုက်ခက်လာပြန်ပြီလို့ဆိုလို့ရတာကြောင့် နောက်ထပ်တစ်ကြိမ် Stay Home နေရမလားဆိုတာ ဝေခွဲရတဲ့ခက်တဲ့ အချိန်ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရောဂါအန္တရာယ်ရှောင်တိမ်းဖို့ အိမ်မှာနေကြမယ်ဆိုရင် ဝိတ်အရမ်းတက်မသွားစေဖို့ ကိုယ်အလေးချိန်ကိုဘယ်လိုထိန်းသိမ်းကြမလဲဆိုတာနဲ့ ပတ်သတ်ပြီး အကြံဉာဏ်ကောင်းတချို့ မျှဝေပေးချင်ပါတယ်။

(၁) အိမ်သန့်ရှင်းရေးလုပ်ပါ

Source : Dissolve

အိမ်သန့်ရှင်းရေးလုပ်တာက ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားရှားဖြစ်စေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့် ကိုယ်အလေးချိန်တက်ဖို့ကို တားဆီးပေးပါလိမ့်မယ်။ ကြမ်းတိုက်ခြင်း ဖုန်သုတ်ခြင်း တံမျက်စည်းလှဲခြင်း စတဲ့အိမ်သန့်ရှင်းရေးလုပ်ငန်းစဉ်တွေကိုနေ့စဉ်လုပ်ဆောင်ကြည့်ပါ။ ဒါဆိုကိုယ်အလေးချိန်လည်း တခါတည်းထိန်းသိမ်းပြီးသားဖြစ်သွားပါလိမ့်မယ်။

(၂) သစ်ပင်ပန်းပင်များစိုက်ပါ

Source : Pinterest

ခြံဝန်းအတွင်းမှာ သစ်ပင်ပန်းပင်များစိုက်ပျိုးထားမယ်ဆိုရင် သင့်ရဲ့စိတ်ကိုအကောင်းဆုံးကြည်လင်လန်းဆန်းနေစေမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး အဆိုပါစိုက်ပျိုးထားတဲ့ သစ်ပင်ပန်းပင်တွေကိုနေ့စဉ်ရေလောင်းမယ် ပေါင်းသင်ရှင်းလင်းမယ်ဆိုရင် ကယ်လိုရီတွေလည်းလောင်ကျွမ်းစေမှာဖြစ်ပြီး ကိုယ်အလေးချိန်မတက်စေဖို့ ထိန်းထားပေးနိုင်မှာဖြစ်ပါတယ်။

(၃) ကလေးထိန်းပါ

Source : iStock

လေ့လာမှုတွေအရ ကလေးထိန်းခြင်းဟာ ကယ်လိုရီလောင်ကျွမ်းစေတဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကလေးငယ်လေးတွေနဲ့အတူ ဆော့ကစားတာဟာ သင့်ရဲ့စိတ်ကိုကြည်နူးပျော်ရွှင်စေရုံသာမက ကိုယ်အလေးချိန်တက်မလာစေဖို့အတွက်လည်း လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုကိုပေးစွမ်းပါတယ်။ ဒါကြောင့် အိမ်မှာကလေးငယ်လေးတွေရှိတယ်ဆိုရင် သူတို့နဲ့အတူ အချိန်ကုန်ဆုံးလိုက်ပါ။

(၄) ရေချိုးခါနီးလေ့ကျင့်ခန်းလုပ်ပါ

Source : Men’s Health

အိမ်မှာလေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ဆိုတာ လွယ်တော့မလွယ်ပေမယ့် ကိုယ်အလေးချိန်တက်ပြီး လှလှပပဝတ်စားလို့မရတော့မှာစိုးရိမ်တယ် ဝိတ်အရမ်းတက်ပြီးကျန်းမာရေးထိခိုက်လာမှာကြောက်တယ်ဆိုရင်တော့ တနေ့ကိုအချိန် ၄၅ မိနစ်လောက်ပေးပြီး အိမ်တွင်းလေ့ကျင့်ခန်းတွေကို မပျင်းမရိလုပ်ပေးသင့်ပါတယ်။ ညနေရေချိုးခါနီးအချိန်တွေမှာ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။ ဘယ်ကစရမလဲမသိရင် YouTube က လေ့ကျင့်ခန်း ဗီဒီယိုလေးတွေကြည့်ပြီး အလွယ်တကူလိုက်လုပ်လို့ ရပါတယ်။