ကျန်းမာကြည်လင်တဲ့ အသားအရေရှိခြင်းဟာလည်း ကျက်သရေတစ်ခုပါပဲ။ ယောင်္ကျားလေးတွေကတော့ ကိုယ့်ရဲ့ အသားအရေနဲ့ ပတ်သက်လို့ သိပ်ပြီး အရေးတယူမရှိတတ်ပါဘူး။ များသောအားဖြင့်လည်း ယောင်္ကျားလေးတွေရဲ့ နေမှုပုံစံတွေက သူတို့ရဲ့ အရေပြားကို အမှုမထားမိစရာတွေ ဖြစ်တတ်လို့ပါ။

တကယ်လို့ ကိုယ့်ရဲ့ အသားအရေကျန်းမာရေးအတွက် သိပ်ပြီး အချိန်မပေးချင်ဘူး ၊ လွယ်ကူရိုးရှင်းတဲ့ နည်းတွေပဲ လုပ်ချင်တယ်ဆိုရင် အခုပြောမယ့် နည်းလမ်းတွေက ကူညီနိုင်မှာပါ။ ဒီနည်းလမ်းတွေက ရိုးရှင်းသလောက် ထိရောက်မှု ရှိပါတယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာကို သိသာတဲ့ ရလဒ်ကို တွေ့မြင်မယ့် နည်းတွေ ဖြစ်ပါတယ်။

(၁) ရေများများသောက်ပါ

Photo: Freepik

ရေဓါတ်ဟာ ကျန်းမာဝင်းပပြီး ချောမွေ့တဲ့ အသားအရေအတွက် အရေးကြီးတဲ့ အရာပါ။ ရေဓါတ်ခမ်းခြောက်မယ်ဆိုရင် အသားအရေ ညိုမွဲခြောက်ကပ်နေမှာ ဖြစ်ပါတယ်။ ဖုန်းမှာ တစ်နာရီတိုင်း ရေတစ်ခွက်သောက်ဖြစ်အောင် Alarm ပေးထားသင့်ပါတယ်။ တစ်နေ့ကို ရေဘယ်လောက် သောက်ဖြစ်သလဲဆိုတာပါ ကိုယ့်ကိုယ်ကို စောင့်ကြည့်သင့်ပါတယ်။

သကြားဓါတ်ကတော့ အသားအရေအတွက် မကောင်းပါဘူး။ ခရမ်မီကော်ဖီ ၊ အချိုနဲ့ အသီးဖျော်ရည် ၊ အအေးစတာတွေဟာ သကြားပါဝင်မှု မြင့်တာကြောင့် အသားအရေ ကျစ်လျစ်ဝင်းပမှုပါ ထိခိုက်နိုင်ပါတယ်။ သဘာဝအသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေစားပါ။ အချိုရှောင်ပါ။

(၂) နေရောင်ထိတွေ့မှု လျှော့ပါ

Photo: Freepik

နေရောင်ခြည်ကလာတဲ့ အနီအောက်ရောင်ခြည် UV လှိုင်းတွေဟာ အသက်ကြီးတဲ့ ဖြစ်စဉ်အတွက် သိသာထင်ရှားတဲ့ အကြောင်းတရားပါ။ နေရောင်ခြည်ဟာ အသားအရေကို ပျက်စီးစေပြီး ပါးရေတွန့်တာ ၊ အရေပြား အစက်အပျောက်တွေ ထင်တာတွေ ဖြစ်စေပါတယ်။ မနက် ၁၁ နာရီနဲ့ ညနေ ၃ နာရီအတွင်း နေရောင်နဲ့ ထိတွေ့မှု နည်းအောင် နေပါ။ ပိုပြီး ပူပြင်းတဲ့ ဒေသတွေမှာဆို နေရောင်ခြည်နဲ့ မထိအောင် နေတဲ့အချိန်ကို ပိုတိုးသင့်ပါတယ်။

(၃) အသားအရေ ထိန်းသိမ်းပါ

Photo: Freepik

ခက်ခက်ခဲခဲကြီး လုပ်စရာ မလိုပါဘူး။ အသားအရေ ချောမွေ့စိုပြေစေဖို့ မျက်နှာသစ်ဆပ်ပြာသုံးတာ နဲ့ Moisturizer သုံးတာကို တစ်နေ့ ၂ ကြိမ် ပုံမှန်လုပ်ပေးသင့်ပါတယ်။တတ်နိုင်သမျှ သဘာဝအလှကုန်တွေပဲ သုံးသင့်ပါတယ်။

(၄) များများအိပ်ပါ

Photo: Freepik

အိပ်စက်ခြင်းဟာ နုပျိုစေခြင်းရဲ့ အကြောင်းတစ်ခုအဖြစ် ပါဝင်နေပါတယ်။ အိပ်ရေးမဝသူဟာ စိတ်လည်း မကြည်လင်သလို အသားအရေပါ ထိခိုက်ပါတယ်။ အနည်းဆုံးတော့ မျက်ကွင်းညိုပြီး မျက်နှာမှာ အရေးအကြောင်း ထင်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ၈နာရီအထိ အိပ်စက်ပေးဖို့ လိုပါတယ်။ ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်ကိုပဲ အသားအရေကျန်းမာရေးအတွက် အတော်လေး အဆင်ပြေမှာ ဖြစ်ပါတယ်။