တကြော့ပြန် ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ကုမ္ပဏီတော်တော်များများ Work From Home စနစ်ကိုပြန်လည်ကျင့်သုံးလာကြပါပြီ။ Working From Home ဆိုတဲ့ အိမ်ကနေပြီးအလုပ်လုပ်ရတဲ့စနစ်က အဆင်ပြေသက်သာမှုတွေများစွာရှိတယ်ဆိုပေမယ့် စနစ်ကျတဲ့အလုပ်လုပ်မှုပုံစံရှိနေဖို့ကလည်း မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့်ဒီဆောင်းပါးလေးမှာတော့ Work From Home လုပ်သူတိုင်းသိထားသင့်တဲ့ အခြေခံကျတဲ့ ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) အိမ်တွင်းရုံးခန်းတစ်ခုဖန်တီးပါ

Source : Money Crashers

အာရုံစူးစိုက်မှုအပြည့်နဲ့ ကောင်းစွာအလုပ်လုပ်ကိုင်နိုင်ဖို့ဆိုရင် အလုပ်လုပ်ချင်စိတ်ကိုတွန်းအားဖြစ်စေမယ့် သီးသန့်နေရာကောင်းလေးတစ်ခု မဖြစ်မနေဖန်တီးဖို့လိုပါလိမ့်မယ်။ အိပ်ရာပေါ်က အလုပ်လုပ်ဖို့အတွက် ကောင်းမွန်တဲ့ နေရာတစ်ခုမဖြစ်နိုင်ပါဘူး။ အဓိက လေဝင်လေထွက်ကောင်းကောင်းနဲ့ နေရောင်ခြည်ရတဲ့နေရာမျိုးမှာ စနစ်တကျအလုပ်စားပွဲကိုထားတာက သင့်ရဲ့စိတ်ကိုပိုမိုတက်ကြွစေမှာဖြစ်ပြီး အလုပ်လုပ်ဖို့အတွက် စိတ်ခွန်အားတွေရစေမှာဖြစ်ပါတယ်။

(၂) သပ်သပ်ရပ်ရပ်ဝတ်ပါ

Source : Dr. Seeds Blog

အိမ်မှာနေတယ်ဆိုပေမယ့်လည်း ဖြစ်သလိုဝတ်စားတာမျိုး ညဝတ်အင်္ကျီနဲ့ပဲ အလုပ်စားပွဲကို သွားထိုင်တာမျိုးရှောင်ကျဉ်သင့်ပါတယ်။ လူတစ်ယောက်ဟာ အဝတ်အစားအပေါ်မူတည်ပြီး စိတ်ခံစားမှုတွေကလည်းပြောင်းလဲသွားတက်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီးမှ အလုပ်စားပွဲမှာထိုင်မယ်ဆိုရင် သင့်ရဲ့စိတ်ကလည်းလန်းဆန်းတက်ကြွနေပြီး အလုပ်လုပ်လို့ပိုကောင်းနေမှာဖြစ်ပါတယ်။

(၃) အချိန်ခွဲထားပါ

Source : CNBC

Work From Home လုပ်တဲ့အခါ အလုပ်လုပ်တဲ့အချိန်နဲ့ အားလပ်ချိန်ဆိုတာ သေသေချာချာ ကွဲကွဲပြားပြားမရှိပဲရောထွေးသွားတက်ပြီး သင့်ရဲ့ကိုယ်ပိုင်အားလပ်ချိန်တွေ ပျောက်ဆုံးသွားတက်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တစ်ရက်မှာ ဘယ်နာရီကနေ ဘယ်နာရီကိုအလုပ်လုပ်ချိန်ဆိုတာမျိုးတိတိကျကျ သတ်မှတ်ားသင့်ပြီး အလုပ်ချိန်အတွင်းမှာ အလုပ်ကိုပဲသေချာအာရုံစိုက်လုပ်ကိုင်သင့်ပါတယ်။ နားချိန်ရောက်မှပြည့်ပြည့်ဝဝအနားယူပါ။ ဒါဆိုရင် အလုပ်မပြီးတာတွေ စိတ်ဖိစီးမှုများနေတာတွေ အားလပ်ချိန်ပျောက်နေတာမျိုးတွေမဖြစ်တော့ပဲ စနစ်ကျတဲ့ အလုပ်လုပ်တဲ့ပုံစံမျိုးဖြစ်နေမှာဖြစ်ပါတယ်။

(၄) ကောင်းစွာအနားယူပါ

Source : Metro

တနေ့တာမှာ သတ်မှတ်ထားတဲ့အလုပ်အချိန်အတွင်း အလုပ်တွေအားလုံးပြီးသွားပြီဆိုရင် သင့်ရဲ့ခန္ဓာကိုယ်ကိုကောင်းကောင်းအနားယူပေးဖို့ လိုအပ်ပါတယ်။ စိတ်ရောကိုယ်ပါ ကောင်းမွန်စွာအနားယူပေးမှလည်း နောက်နေ့တွေမှာ အလုပ်ကောင်းကောင်း ဆက်လက်လုပ်နိုင်မှာဖြစ်ပြီး သင့်ရဲ့ဖန်တီးနိုင်စွမ်းတွေ စွမ်းဆောင်ရည်တွေလည်း ကျဆင်းမသွားမှာဖြစ်ပါတယ်။ ဖေ့ဘွတ်ခ်ပွတ်နေတာ ဂိမ်းလေးဆော့နေလိုက်တာမျိုးတွေက တကယ်တော့ ခန္ဓာကိုယ်ကို အနားပေးတယ်လို့ မဆိုနိုင်ပါဘူး။ တကယ်ပဲခန္ဓာကိုယ်ကိုကောင်းကောင်းအနားယူချင်တယ်ဆိုရင်တော့ စာအုပ်ဖတ်တာ တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ အေးအေးချမ်းချမ်းနားနေတာ ညဘက်စောစောအိပ်စက်အနားယူတာမျိုးတွေလုပ်သင့်ပါတယ်။