တစ်ရက်တစ်ရက် ပျင်းတယ်လို့ မကြာခဏငြီးနေမိပြီလား။ သေချာတာတစ်ခုက သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ အိမ်မှာနေတာကြာလာတာနဲ့ အမျှ ပျင်းတယ်ဆိုတဲ့ခံစားချက်တွေက လူတိုင်းနီးပါး ကြုံတွေ့ခံစားနေကြရတာဖြစ်ပါတယ်။ ပျင်းတယ်ဆိုပြီး သင့်ရဲ့အချိန်တွေကို ဖေ့ဘွတ်ခ်လေးပွတ်ရင်း ဂိမ်းဆော့ရင်း ဖြတ်သန်းနေမိတယ်ဆိုရင်တော့ ဒီနေ့ပြောပြမယ့် ပေါ့ပေါ့ပါးပါးအရာလေးတွေကို လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းပါရစေ။

(၁) ဓာတ်ပုံ ရိုက်ပါ

Source : Whole Life Challenge

အပျင်းလည်းပြေ အမှတ်တရလေးတွေလည်းတိုချင်တယ်ဆိုရင်တော့ ငယ်ဘဝတုန်းကရိုက်ကူးထားတဲ့ ဓာတ်ပုံအယ်လ်ဘမ်ဟောင်းလေးကို ယူလိုက်ပါ။ ဓာတ်ပုံလေးတွေထဲက သင်အကြိုက်ဆုံးတစ်ပုံကိုရွေးပြီး ငယ်ငယ်ကရိုက်ကူးထားတဲ့ပုံစံလေးအတိုင်း လက်ရှိအသက်အရွယ်မှာ ပြန်ရိုက်ကြည့်ပါ။ သင့်ရဲ့ဖန်တီးမှုတွေနဲ့ပေါင်းစပ်ပြီး ငယ်ဘဝဓာတ်ပုံလေးတွေထဲကအတိုင်း ပြန်လည်ဖန်တီးရတာဟာ ပျော်စရာကောင်းသလို အမှတ်တရလည်းဖြစ်စေမှာပါ။

(၂) စိတ်အေးလက်အေး ရေချိုးကြည့်ပါ

Source : SPY

ပျင်းတဲ့စိတ်ကြောင့် စိတ်ရောကိုယ်ပါလေးလံထိုင်းမှိုင်းနေတယ်ဆိုရင်တော့ ရေချိုးခန်းတံခါးကို ဖွင့်လိုက်ပါ။ ရေချိုးတဲ့အခါ သင်အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖွင့်ထားပါ။ ရနံ့ပါတဲ့ ဖယောင်းတိုင်လေးတွေရှိရင် ထွန်းထားပါ။ သီချင်းသံစဉ်လေးတွေနဲ့အတူတူ အချိန်သေချာယူပြီး စိတ်အေးလက်အေး ရေးချိုးကြည့်ပါ။ လေးလံထိုင်းမှိုင်းမှုတွေလျော့ကျပြီး ပြန်လည်လန်းဆန်းလာပါလိမ့်မယ်။

(၃) ပုံစံအသစ် ချိန်းကြည့်ပါ

Source : All Things Hair

နှစ်သစ်လည်းရောက်ပြီးဆိုတော့ ပျင်းရိစရာကောင်းတဲ့ သမားရိုးကျပုံစံထဲက ခွဲထွက်ပြီး ကိုယ့်ရဲ့ပုံစံကိုပြောင်းလဲလိုက်ဖို့အကြံပြုချင်ပါတယ်။ ဆံပင်စတိုင်အသစ်ပြောင်းလဲတာ ၊ ခန္ဓာကိုယ်ပုံစံ ၊ ဖက်ရှင်တွေပြောင်းလဲတာ စသည်ဖြင့် အသစ်သစ်သော ပုံစံလေးတွေပြောင်းလဲကြည့်ပါ။ ပျင်းနေပြီဆို ကိုယ့်ကိုယ်ကို အကောင်အထည်ဖော်ချင်တဲ့အရာနဲ့ပတ်သက်ပြီး အတွေးအမြင်တွေရစေဖို့ ဖက်ရှင် မဂ္ဂဇင်းတွေ၊ Hair Style နဲ့ပတ်သတ်တဲ့ ဆောင်းပါးတွေ လိုက်ဖတ်ကြည့်ပါ။

(၄) တနေ့တာ အတွေ့အကြုံတွေကို စာအုပ်မှာချရေးပါ

Source : Medium

သင်တစ်နေ့တာမှာ ကြုံတွေ့ရတဲ့အတွေ့အကြုံတွေ ၊ သင်လက်ရှိခံစားနေရတဲ့ ခံစားချက်တွေ ၊ ကျေးဇူးတင်စရာအဖြစ်အပျက်လေးတွေ ၊ ထူးခြားတဲ့အခိုက်အတန့်လေးတွေ အားလုံးကို စာအုပ်မှာလက်ရေးနဲ့ချမှတ်ရေးကြည့်ပါ။ လေ့လာမှုတွေအရ ဒီလိုရေးသားခြင်းဟာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ရာရောက်တာကြောင့် အပျင်းလည်းပြေစေသလို စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေလျော့ကျစေတယ်လို့ ဆိုပါတယ်။