ငွေရဲ့ သဘောဟာ ရှာရဖွေရ ခက်သလောက် သုံးဖို့ သိပ်လွယ်တယ်ဆိုတာ အားလုံးပဲ အသိပါ။ ပိုက်ဆံသုံးစွဲဖို့အတွက် သိပ်စဉ်းစားစရာ မလိုပေမယ့် ငွေရှာဖို့ဆိုရင် ဘယ်အပေါက် ဘယ်လမ်းက စောင့်ဖမ်းရမလဲ ကြံဖန်ရတာ အမောပါပဲ။ ကိုယ်ရှာထားတဲ့ ပိုက်ဆံကို သုံးစွဲရဦာမှာလည်း သင့်အတွက် အကျိုးမရှိတဲ့ နေရာတွေမှာ မသုံးဖို့ လိုပါတယ်။ ငွေကုန်မခံသင့်တဲ့ အရာတွေထဲမှာ အခုပြောမယ့် ပစ္စည်းတွေကိုပါ စာရင်းတို့ထားသင့်ပါတယ်။

(၁) ထီ

Photo: Freepik

ချမ်းသာအောင် ထီထိုးရင်း ထိုးခဲ့တဲ့ ထီဖိုးတွေကို ပြန်တွေးကြည့်ပါ။ တရားမဝင်တဲ့ လောင်းကစားငွေတွေရော ထည့်ပေါင်းကြည့်ပါ။ သင်ဘယ်လောက်တောင် ငွေတွေကို အလဟဿ သုံးမိခဲ့ပြီလဲ။ တစ်ချို့သူတွေမှာတော့ ကံကိုယုံပြီး ပုံအပ်ခဲ့ရာကနေ ဘဝတွေပါ ကတိမ်းကပါး ဖြစ်သွားခဲ့တာတွေလည်း မနည်းပါဘူး။

(၂) တစ်ခါပဲ သုံးမယ့် အဝတ်အစား

Photo: Freepik

အဝတ်အစားတစ်ခုရဲ့ သဘောဟာ ဝတ်လို့ကောင်းပြီး ပွဲတိုးဖို့တင် မဟုတ်ဘဲ နှစ်နဲ့ချီ ဝတ်လို့ရတာမျိုး ဖြစ်သင့်ပါတယ်။ တစ်ခါတစ်လေမှာ အခမ်းအနားသုံး အဝတ်အစားတစ်စုံကို ငွေသိန်းနဲ့ချီ သုံးတာမျိုးဟာ နှမြောဖို့ အလွန်ကောင်းပါတယ်။ အဝတ်အစားတစ်ခု ဝယ်ခါနီးရင် အရင်ဆုံး ဒီအဝတ်အစားကို ဘယ်နေရာမှာ ဝတ်မယ် ၊ ငွေဘယ်လောက်တော့ သုံးမယ် ၊ ဘယ်လောက်ကြာအောင် ဝတ်ဖို့ ရည်ရွယ်တယ် စသည်ဖြင့် ကြိုစဉ်းစားထားသင့်ပါတယ်။

(၃) တန်ဖိုးကြီး တိုက်ခန်းငှားခြင်း

Photo: Freepik

တစ်လ ၃-၄ သိန်းတန် အခန်းငှားမယ့်အစား ၁ သိန်းခွဲ နှစ်သိန်းတန် အခန်းတစ်ခု ငှားနေပြီး ငွေပိုစုဖို့ ကြိုးစားမယ်ဆိုရင် တစ်ချိန်မှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ နေနိုင်လာပါလိမ့်မယ်။ ငွေဟာ စုဆောင်းခြင်း ၊ ရင်းနှီးမြှပ်နှံစေခိုင်းခြင်းနဲ့ပဲ တိုးပွားအောင် လုပ်နိုင်ပြီး လွယ်လွယ်လေး သုံးလိုက်ရင် တစ်ချိန်မှာ နောင်တရစရာတွေပဲ ကျန်လာနိုင်ပါတယ်။

(၄) အပြင်စာ အစားများလွန်းခြင်း

Photo: Freepik

တစ်ချိန်လုံး ဆိုင်ကြီးကနား သွားပြီး တန်ဖိုးကြီး အစားအသောက်တွေ အရသာခံချင်တယ်ဆိုရင့် သင့်လျှာက သင့်ပိုက်ဆံအိတ်ကို နှိပ်စက်နေပြီလို့ ဆိုနိုင်ပါတယ်။ အပြင်စာဆိုတာ ကိုယ့်အိမ်တွင်းလက်ရာထက်တော့ အမြဲပဲ ဈေးပိုကြီးပါတယ်။ လကုန်ရက်လိုမျိုး တစ်လ တစ်ခါနှစ်ခါလောက် အပြင်ထွက်ပြီး စားကောင်းသောက်ဖွယ်တွေ စားတာမျိုးကလွဲပြီး အပြင်ဆိုင်တွေမှာပဲ စားချင်တဲ့ စိတ်ကို ထိန်းဖို့ လိုပါတယ်။