ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးကြီးဟာ လူတွေရဲ့ဘဝကို ပုံစံပြောင်းလဲပစ်လိုက်ပါတယ်။ ကပ်ရောဂါကြောင့် စားဝတ်နေထိုင်ရေးအပြင် လူတွေရဲ့ အလုပ်အကိုင်နဲ့ ဘဝရပ်တည်ရေးအတွက်ပါ အပြောင်းအလဲ ဖြစ်လာပါတယ်။ လူမှုဘဝအပြောင်းအလဲတွေအကြားမှာ တချို့တွေဟာ ဝန်ထမ်းအလုပ်ကနေ ကိုယ်ပိုင်လုပ်ငန်းနဲ့ စီးပွားရှာဖို့ ဖြစ်လာခဲ့ပါတယ်။

ဘာအကြောင်းကြောင့် ဖြစ်ဖြစ် ကိုယ့်မှာ ထိုက်သင့်တဲ့အစွမ်းအစ နဲ့ အတွေ့အကြုံရှိနေမယ် ၊ ကိုယ်စိတ်ဝင်စားပြီး အလုပ်ဖြစ်နိုင်မယ့် ဈေးကွက်တစ်ခုလည်း မြင်ထားတယ်ဆိုရင် ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ သိပ်မစိုးရွံ့ပါနဲ့လို့ ပြောချင်ပါတယ်။ အသက်မွေးဝမ်းကြောင်းတစ်ခု ပြောင်းလိုက်တဲ့အချိန်ဟာ ခက်ခဲပါတယ်။ စွန့်စားရပါတယ်။

ဒါကြောင့် ဝန်ထမ်းအလုပ်ကနေ လုပ်ငန်းရှင်ဘဝထဲ ဝင်ဖို့ ဆိုင်းပြင်နေတယ်ဆိုရင် မဝင်ခင် ကြိုပြီး သိသင့်တာလေးတွေအကြောင်း ပြောထားချင်ပါတယ်။

(၁) ဝန်ထမ်းတစ်ဖက်နဲ့ အရင်စမ်းလုပ်ကြည့်ပါ

A man working on his laptop computer

Photo: Unsplash

ကိုယ်ပိုင်လုပ်ငန်းတစ်ခု မစခင်မှာ သင့်ရဲ့မနက် ၉ ညနေ ၅ နာရီ ပုံမှန်အလုပ်ကို မစွန့်လွှတ်လိုက်ဖို့ ပြောချင်ပါတယ်။ လုပ်လက်စ ဝန်ထမ်းအလုပ်ကလေး အလုပ်လုပ်နေရင်းနဲ့ အပိုစီးပွားရေးအနေနဲ့ ကိုယ်ပိုင်စီးပွားရေးဘက်ကို ခြေချလို့ရပါတယ်။ အချိန်တော့ ကသီလင်တဖြစ်ပြီး အပြေးအလွှားအားစိုက်လုပ်ရတာမျိုး ရှိပေမယ့် ဒီနည်းက အဆုံးအရှုံးနည်းနည်းနဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်နိုင်မယ့်နည်းလည်း ဖြစ်ပါတယ်။

(၂) ကိုယ်တကယ်စိတ်ဝင်စားတဲ့အလုပ်ပဲ လုပ်ပါ

Ideas

Photo: Unsplash

သင့်စိတ်ထဲမှာ တကယ်ထက်ထက်သန်သန် လုပ်ချင်နေတဲ့ အလုပ်တစ်ခုကိုပဲ ကိုယ်ပိုင်စီးပွားရေးအဖြစ် ရွေးချယ်ဖို့ ပြောချင်ပါတယ်။ ဥပမာ အစားအသောက်ကောင်းကောင်း ချက်ပြုတ်စီမံရတာ သဘောကျရင် ကိုယ့်အကောင်းဆုံး လက်ရာကို ဈေးကွက်ဝင် စီးပွားရေးအဖြစ် ပြောင်းတာမျိုး ဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ အလုပ်ကို လုပ်တာကြောင့် အလုပ်လုပ်ရတာ ပျော်လာမယ်။ တော်ရုံအဆင်မပြေတာနဲ့လည်း စိတ်ပျက်သွားမှာ မဟုတ်သလို ကိုယ့်လုပ်ငန်းအတွက်လည်း စိတ်ကူးစိတ်သန်းကောင်းလေးတွေ ထပ်ပြီး ပေါ်ပေါက်လာမှာပါ။

(၃) စေတနာကောင်းနဲ့ အလုပ်လုပ်ပါ

Pay

Photo: Unsplash

ကောင်းမွန်တဲ့ စေတနာသာ မရှိရင် ဖောက်သည်တွေ စိတ်တိုင်းကျရတဲ့ ဝန်ဆောင်မှုမျိုး ပေးနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ ကိုယ့်စေတနာနဲ့ အရည်အချင်းကို အကောင်းဆုံးဖော်ပြနိုင်တဲ့နေရာ ဖြစ်ရင် အောင်မြင်မှာ အမှန်ပါပဲ။ စေတနာကောင်းတွေက ပိုကောင်းတဲ့ စိတ်ကူးနဲ့ ဝန်ဆောင်မှုတွေ ပေးဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ပါဝင်ပစ္စည်းပဲ ဖြစ်ပါတယ်။

(၄) စိတ်ဓါတ်မကျပါနဲ့

Business Mottos

Photo: Unsplash

သင့်ခေါင်းထဲမှာ ဘယ်သူမှ မလုပ်ဖူးတဲ့ စီးပွားရေးအိုင်ဒီယာတစ်ခု ရောက်လာအောင် တကယ့်လက်တွေ့မှာ အောင်မြင်ဖို့တော့ ရာခိုင်နှုန်းနည်းမယ်ဆိုတာ မှတ်ထားပါ။ ဒီလိုပြောလို့ မအောင်မြင်နိုင်ဘူးလို့ မဆိုလိုပါဘူး။ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးစီးပွားရေးတွေဟာ ဆန်းသစ်ပြီး တမူထူးခြားတဲ့ အိုင်ဒီယာတွေကြောင့် အောင်မြင်ရတာပါ။

လုပ်ငန်းငယ်လေးတစ်ခုကို လုပ်မယ့်ပုဂ္ဂိုလ်ဟာ စိတ်ကူးသစ် အိုင်ဒီယာအသစ်နဲ့ ဈေးကွက်ထဲ ထုတ်ကုန်/ဝန်ဆောင်မှုသစ်ကို ချပြရာမှာ ရှုံးသွားနိုင်ပါတယ်။ လူတွေ လက်ခံလာအောင် ကြိုးစားနိုင်ရင် အဲ့ဒီ ရှုံးနေတဲ့အိုင်ဒီယာက ရွှေပါပဲ။ အရေးကြီးတာက ကိုယ့်အိုင်ဒီယာကို တကယ်ယုံတယ်ဆိုရင် နည်းလမ်းရှာ ၊ အမှားပြင်ပြီး သင့်ရဲ့ အကောင်းဆုံးပုံစံနဲ့ ချပြလိုက်ဖို့ပဲ ဖြစ်ပါတယ်။

Featured Photo: entrepreneur