အမေရိကန် အိပ်နေစဉ် အသက်ရှုရပ်တန့်ခြင်းအကြောင်း လေ့လာတဲ့ အဖွဲ့အစည်းရဲ့ အဆိုအရ အမေရိကန်လူမျိုး သန်း ၅၀ ကနေ ၇၀ အကြားဟာ အိပ်စက်မှုနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။ တခြားလေ့လာမှုတစ်ခုအအရ အရွယ်ရောက်ပြီးသူရဲ့ ၇၀% ဟာ တစ်လမှာ အနည်းဆုံး တစ်ညတော့ အိပ်ရေးပျက်တတ်ကြတယ်လို့ ဖော်ပြထားပါတယ်။ အိပ်ရေးမဝခြင်းဟာ ကျွန်တော်တို့ခေတ်ရဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းနဲ့အတူ နှလုံးရောဂါ ၊ အဝလွန်ခြင်း ၊ ဆီးချိုသွေးချိုနဲ့ သွေးတိုးရောဂါများလည်း ယူဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။ အိပ်ရေးပျက်ခြင်းကို သက်သာစေဖို့ ဗိုက်တာမင်ဓါတ်တွေကလည်း ကူညီပေးနိုင်ပါတယ်။
(၁) ဗိုက်တာမင်ဒီ

Photo: Freepik
ဗိုက်တာမင်ဒီ Level ကျဆင်းရင် အိပ်ရေးပျက်နိုင်ခြေရှိတယ်လို့ သုတေသနတစ်ချို့က ဖော်ပြထားပါတယ်။ ဗိုက်တာမင်ဒီကို မှို ၊ကြက်ဥ ၊ တူနာငါး ၊ ဆယ်လ်မွန်ငါးနဲ့ သဘာဝနေရောင်ခြည်တွေကနေ ရယူနိုင်ပါတယ်။ ဗိုက်တာမင်ဒီအစားများမယ်ဆိုရင် ပျို့အန်ခြင်း ၊ ဝမ်းချုပ်ခြင်းနဲ့ ကျောက်ကပ် ကျောက်တည်ခြင်းအထိ ဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။
(၂) ဗိုက်တာမင်ဘီ

Photo: Freepik
ဗိုက်တာဘီအုပ်စုတွေဟာ အိပ်ရေးဝစေဖို့ အထောက်အကူပြုပါတယ်။ ဗိုက်တာမင် ဘီ ၃ ၊ ၅ ၊ ၆ ၊ ၉ နဲ့ ၁၂ တို့ဟာ Tryptophan လို့ခေါ်တဲ့ လူကို အိပ်ချင်စေတဲ့ မယ်လ်တိုနင်ထုတ်လုပ်မှုကို ကူညီပေးနိုင်ပါတယ်။ ဗိုက်တာမင်ဘီဓါတ်တွေကို ကောက်ပဲသီးနှံများ ၊ အသားများ ၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များမှာ တွေ့နိုင်ပါတယ်။
(၃) သံဓါတ်

Photo: Freepik
သံဓါတ်ဟာ သွေးတွင်း အောက်ဆီဂျင်ပို့ဆောင်ဖို့ အကူအညီဖြစ်ပြီး ညဘက်တွေမှာ အိပ်လို့ပိုကောင်းစေနိုင်ပါတယ်။ ကြက်သား ၊ အမဲ ၊ ကမာ ၊ ပဲအမျိုးမျိုး ၊ သီဟိုဠ်စေ့ ၊ တိုဖူးနဲ့ ကွေကာတွေ စားပေးခြင်းအားဖြင့် သံဓါတ် ဖြည့်တင်းနိုင်ပါတယ်။
(၄) ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ်

Photo: Freepik
ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် သတ္ထုဓါတ်တွေဟာ ကြွက်သားတွေကို ပြေလျော့စေပြီး ညဘက်မှာ အိပ်ရလွယ်ကူစေနိုင်ပါတယ်။ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေကို နို့ထွက်ပစ္စည်းများ ၊ အစေ့အဆံ နဲ့ အစိမ်းရောင် အသီးအရွက်များမှာ တွေ့နိုင်ပါတယ်။
