Dress for Success (အောင်မြင်ဖို့ ဝတ်ဆင်ပါ) ဆိုတဲ့ စကားရှိပါတယ်။ Suit တစ်စုံဟာ ယောင်္ကျားတစ်ယောက်ဖြစ်အောင် လုပ်လိုက်တယ်တို့ ၊ သင်လိုချင်တဲ့ အလုပ်ရဖို့ ဝတ်ဆင်ပါတို့ ဆိုတဲ့ စကားတွေဟာ အလကားမဟုတ်ပါဘူး။ Dressing Well လို့ ခေါ်တဲ့ ဝတ်စားဆင်ယင်တတ်ခြင်းဟာ သင့်ကို ဝင်ငွေပိုကောင်းစေတဲ့အပြင် လူမှုဆက်ဆံရေးမှာပါ အလေးဂရုပြုခံရတဲ့အဆင့်ကို ‌ရောက်စေပါတယ်တဲ့။

(၁) လူအများယုံကြည်မှုရတယ်

Photo: Freepik

ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် ဝတ်စားတဲ့သူကို တော်ရုံလူက အထင်မသေးရဲပါဘူး။ အလုပ်ကိစ္စတွေမှာလည်း လေးစားလောက်တဲ့ အဝတ်အစားနဲ့ လာသူကို အရေးတယူလက်ခံစကားပြောကြပါတယ်။ အဝတ်အစားဟာ လူရဲ့ ပုံရိပ်တစ်ခု ဖြစ်လို့ မှန်ကန်တဲ့ ဝတ်စားဆင်ယင်မှု ရှိသူဟာ တစ်ခြားသူတွေအတွက် အလုပ်မှာ နေရာရပါတယ်။ အလုပ်စကားပြောချိန်မှာ သူ့စကားအောင်တတ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာတယ်

Photo: Freepik

အဝတ်အစားသစ် ဝတ်တဲ့ နေ့မှာ စိတ်ခံစားချက်ပိုပြီး မြင့်မားလာတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း လုပ်ရည်ကိုင်ရည် ပိုမြင့်လာတယ်လို့ ခံစားရစေပါတယ်။ ဒါကြောင့်ပဲ အလုပ်တာဝန်ကြီးကြီးမားမား ယူထားသူတွေဟာ Business Suit ဝတ်ပြီး အလုပ်လုပ်ကြတာ ဖြစ်သလို အလုပ်လျှောက်သူတွေလည်း ကောင်းကောင်းမွန်မွန် ဝတ်ပြီးမှ အလုပ်အင်တာဗျူး သွားဖြေကြတာ ဖြစ်ပါတယ်။

(၃) လူပေါင်းပိုဆန့်လာတယ်

Photo: Unsplash

သပ်သပ်ရပ်ရပ် သားသားနားနားဝတ်စားထားသူဟာ စိတ်အခြေအနေအရလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်လာတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ရှိနေပြီး စိတ်ခံစားချက် ကောင်းနေသူဟာ ပတ်ဝန်းကျင်အခြေအနေတွေကိုလည်း အကောင်းဖြစ်အောင် ပြောင်းနိုင်တဲ့ အစွမ်း ရှိလာပါတယ်။ လူတွေအကြားမှာ ယုံကြည်စိတ်နဲ့ လှုပ်ရှားသွားလာသူကို အားလုံးက သဘောကျနှစ်သက်ကြပါတယ်။

(၄) ဝင်ငွေပိုကောင်းတယ်

Photo: Unsplash

အဝတ်အစားနဲ့ ဝင်ငွေ ဘာဆိုင်သလဲလို့ ထင်ကြပါလိမ့်မယ်။ အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေကို ပြန်ကြည့်မယ်ဆိုရင် လူမှုဆက်ဆံရေးကောင်းပြီး ကိုယ့်စွမ်းဆောင်ရည်ကို အမြင့် တင်ထားသူတစ်ယောက်ဟာ သာမန်လူထက် ငွေပိုရှာနိုင်မယ်ဆိုတာ လက်ခံလို့ ရမှာပါ။ အနည်းဆုံးတော့ Performance ချင်းအတူတူ ဆွဲဆောင်မှု ရှိပြီး သပ်သပ်သပ်ရပ် ဝတ်စားတတ်သူကို နေရာပိုပေးဖို့ ဘယ်သူဌေးမဆို စဉ်းစားမိမှာပါပဲ။