စာဖတ်သူက ဆယ်ကျော်သက်အရွယ် ကျောင်းသားလည်း ဖြစ်နိုင်သလို အလုပ်ခွင်ထဲ ဝင်နေတဲ့ လူငယ်လူလတ်ပိုင်းလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကိုယ့်ကို လေးစားမှု ရှိပါသလား။ လေးစားလောက်တယ်ဆိုတဲ့ အချက်ကြောင့် လူတွေရဲ့ လေးစားမှုကိုရဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဒီအချက်တွေကို သတိထားမယ်ဆိုရင် လူအများက လေးစားရတဲ့ လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
ကိုယ့်အလုပ်မှာ ကျွမ်းကျင်ပါ။ရပ်ကွက်ထဲမှာ ဘောလုံးကစားတဲ့သူလို့ ကိုယ့်ကိုယ်ကို မြင်ယောင်ကြည့်လိုက်ပါ။ ဘောလုံးမှာ ကိုယ်က တကယ့်ဆရာပေါ့။ ဒါဆို ရပ်ကွက် ဘောလုံးပွဲရာသီတွေ ရောက်ရင် ကိုယ့်ကို လူတွေက ဒီအတိုင်း ပစ်ထားပါ့မလား။ တလေးတစား အိမ်အရောက်တောင် လာခေါ်ဦးမယ်။ ဆိုလိုတာက ကိုယ့်အလုပ်မှာ ကျွမ်းကျင်သူကို လူတွေ အားကိုးကြပါတယ်။
Source : Freepik
သူများကိုလည်း လေးစားတတ်ပါစေ။ လေးစားမှုဟာ နှစ်လမ်းသွားလမ်းတစ်ခုပါ။ ကိုယ့်ကို လူတွေ လေးစားစေချင်ရင် ကိုယ်က သူတို့ကို လေးစားမှု ပြရပါတယ်။ တကယ့်ရင်ထဲက လာတဲ့ စိတ်ကောင်းနှလုံးကောင်းနဲ့ လူတွေကို လေးလေးစားစား ဆက်ဆံပါ။ သူတို့ရဲ့ မမေ့တတ်တဲ့ မှတ်ဉာဏ်ထဲမှာ ကိုယ့်ကို သတိတရ ရှိပြီး ကိုယ့်အပေါ်မှာလည်း လေးစားမှု ရှိလာပါလိမ့်မယ်။ ရိုးသားပါ။ လူတိုင်း မရိုးသားကြပေမယ့် ရိုးသားမှုကိုတော့ လူတိုင်းရဲ့ ဂုဏ်ရည်တစ်ခုအနေနဲ့ စံထားကြပါတယ်။ မရိုးသားသူတွေအကြားမှာတောင် ရိုးသားမှု ရှိပါစေ။ ကိုယ့်ရဲ့ ရိုးဂုဏ်က ကိုယ့်ကို စောင့်ရှောက်ပါစေ။
ကိုယ့်ယုံကြည်မှုနဲ့ ကိုယ် နေပါ။ ယုံကြည်မှု ရှိတဲ့သူဟာ ပြတ်သားပါတယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ အဓိကအရည်အချင်းဟာ ပြတ်သားတဲ့ ခံယူယုံကြည်မှု ရှိဖို့ပါပဲ။ ဒီအရည်အချင်းကြောင့်လည်း လူတွေဟာ သူ့ကို ဦးညွှတ်ကြရပါတယ်။ ဝေဖန်မှုတွေကို လက်ခံပါ။လေးစားခံရတဲ့ သူတွေလည်း ဝေဖန်ခံရတာပါပဲ။ ဒီဝေဖန်မှုအပေါ်မှာ မပြိုလဲတဲ့ စိတ် ၊ ကိုယ့်ကိုယ်ကို ပိုကောင်းချင်တဲ့ စိတ်နဲ့ ဒီဝေဖန်မှုကို လက်ခံပါ။ အေးအေးဆေးဆေး အမြော်အမြင်ရှိရှိ ပြန်တုန့်ပြန်ပါ။ ကိုယ်နဲ့ ဆက်ဆံနေတဲ့သူတွေကို သွားပုတ်လေလွင့် မပြောဖို့ကလည်း အရေးကြီးပါတယ်။
Source : Freepik
ကိုယ့်ကိုယ်ကိုလည်း လေးစားမှုနဲ့ ဆက်ဆံပါ။လူဟာ တစ်ခြားသူတစ်ယောက်ကို အရိုအသေပြုပြီး တလေးတစား ဆက်ဆံတတ်ပေမယ့် ကိုယ့်အပေါ်ကိုယ်တော့ ပစ်ထားတတ်ပါတယ်။ တကယ်အရေးကြီးတာက ကိုယ်ပိုင် လေးစားမှု ထားရှိခြင်းဟာ အကောင်းဆုံး လေးစားနည်းပါပဲ။