စိတ်ဖိစီးမှုဒဏ်တွေကြောင့် ဘာမှမလုပ်ချင်မကိုင်ချင်တဲ့အချိန်မျိုးတွေ လူတိုင်းကြုံဖူးကြမှာပါ။ အချိန်တိုင်း လေးလံထိုင်းမှိုင်းနေပြီး နေရတာမပျော်ဘူးဆိုရင် စိတ်ကိုအပြောင်းလဲဖြစ်စေမယ့် အရာလေးတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ ဘယ်လိုအရာလေးတွေဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) အနားပေးပါ

Source : Freepik

အိပ်ရာထဲလှဲနေပေမယ့် စိတ်ဖိစီးစရာအကြောင်းအရာတွေကိုဆက်တွေးနေမယ်ဆိုရင် ဒါဟာအနားယူတယ်လို့ ပြောလို့မရပါဘူး။ စိတ်ဖိစီးပြီး လေးလံထိုင်းမှိုင်းနေချိန်မှာအကောင်းဆုံးက စိတ်ရောကိုယ်ပါ ကောင်းစွာအနားယူခြင်းကို လုပ်ဖို့ပါပဲ။ အချိန်ခဏလောက် စိတ်ဖိစီးစေမယ့်အရာတွေကို ခေါင်းထဲကရှင်းထုတ်လိုက်ပါ။ သီချင်းနားထောင်တာ ရုပ်ရှင်ကြည့်တာ ခဏတဖြုတ်အိပ်စက်တာမျိုးတွေ လုပ်ပေးပါ။

(၂) ရယ်မောပါ

Source : Freepik

ရယ်မောခြင်း စိတ်ခံစားမှုကိုပြန်လည်မြင့်တင်ပေးမယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ မကောင်းတဲ့စိတ်ခံစားချက်တွေလျော့ကျစေပြီး စိတ်ကြည်လင်လန်းဆန်းစေဖို့အတွက် မိနစ်အနည်းငယ်လောက် ရယ်မောပေးသင့်ပါတယ်။ လေးလံထိုင်းမှိုင်းမှုတွေ သက်သာစေဖို့ ရယ်မောခြင်းက အထိရောက်ဆုံးဆေးတစ်ခွက်ဆိုတာ မမေ့ပါနဲ့။

(၃) ဆံပင်ပုံစံပြောင်းပါ

Source : Freepik

လေးလံထိုင်းမှိုင်းတွေသက်သာပြီး စိတ်အပြောင်းလဲဖြစ်စေဖို့ သင့်ခန္ဓာကိုယ်မှာပြောင်းလဲမှုတချို့ ပြုလုပ်ပေးသင့်ပါတယ်။ ဒီထဲမှာမှ အလျင်မြန်ဆုံးနဲ့ အလွယ်ဆုံးလုပ်လို့ရတာကတော့ ဆံပင်ပုံစံပြောင်းလဲတာပါပဲ။ တက်တက်ကြွကြွနဲ့ လန်းဆန်းစေမယ့် ဆံပင်ပုံစံမျိုး ချိန်းလိုက်တာက စိတ်ကိုကြည်လင်စေပြီး မကောင်းတဲ့စိတ်ခံစားမှုတွေလျော့ကျကာ လန်းဆန်းတက်ကြွလာပါလိမ့်မယ်။

(၄) စကားပြောပါ

Source : Freepik

စိတ်ဖိစီးမှုကြောင့် လေးလံထိုင်းမှိုင်းတွေလျော့ကျစေဖို့ နောက်ထပ်နည်းလမ်းတစ်ခုက လူတွေနဲ့ စကားပြောတာပါ။ ကိုယ်တစ်ယောက်တည်း ခံစားမှုတွေပိတ်လှောင်နေတာထက် တစ်စုံတစ်ယောက်နဲ့ စကားပြောလိုက်တာက စိတ်ခံစားမှုကိုပိုပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။ အကြံပေးရမယ်ဆိုရင် စကားပြောတဲ့အခါ သင့်ကိုလက်တလော စိတ်ဖိစီးစေတဲ့အကြောင်းအရာတွေကိုပဲ ရင်ဖွင့်ပြောဆိုတာမျိုးမဟုတ်ပဲ တခြား စိတ်ပေါ့ပါးစေမယ့် ပေါ့ပေါ့ပါးပါးစကားလေးတွေလည်း လျောက်ပြောကြည့်ပါ။