စိုးရိမ်သောကဟာ နေ့တိုင်း ကြုံနေရတဲ့ ခံစားမှုတောင် ဖြစ်နိုင်ပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသိန်းနဲ့ချီ သေဆုံးနေကြချိန် ၊ အလုပ်အကိုင်တွေ ပြိုလဲလာနေချိန် ၊ အိမ်တွင်းမှာပဲ အကြာကြီး နေရတော့ ရှေ့ရေးနောက်ရေး စိတ်မအေး ဖြစ်နေချိန်မှာ သောကဟာ နာရီတိုင်းလိုလို ကိုယ့်ခေါင်းထဲမှာ တရစ်သီသီ ရှိနေတတ်ပါတယ်။

ဘာမှန်းမသိရတဲ့ အရာတစ်ခုကို ကြောက်တဲ့စိတ်ဟာ ဒီနေ့ခေတ်ရဲ့ ပြဿနာတစ်ခု ဖြစ်လာပြီး အရေးတကြီး ဖြေရှင်းကုစားဖို့ လိုလာပါတယ်။ ဒီတစ်ခါမှာတော့ စိုးရိမ်သောကတွေ မြင့်နေရင် ဖြေရှင်းဖို့ နည်းလမ်းတစ်ချို့ကို မျှဝေချင်ပါတယ်။

(၁) ပြီးသွားမှာပါ

Photo: addicted2success

စိုးရိမ်ကြောက်လန့်နေတဲ့အခါ ဒါလည်း ပြီးသွားမှာပါလို့ တွေးတတ်တာ အကောင်းဆုံးပါပဲ။ မျှော်လင့်ချက်မရှိ ၊ စိတ်ပျက်ငြီး‌ငွေ့စရာ အခြေအနေမှာ ပြီးသွားမှာပါပဲ လို့ လက်ခံလိုက်တာဟာ မျှော်လင့်စရာ ရှိပြီး စိတ်သက်သာရာရစေနိုင်ပါတယ်။ အရာအားလုံးဟာ ယာယီဖြစ်ပြီး မတည်မြဲဘူးလို့ လက်ခံလိုက်မယ်ဆိုရင် ဒီအခြေအနေကို စိတ်တည်တည်ကြည်ကြည်နဲ့ ဖြတ်သန်းနိုင်သွားပါလိမ့်မယ်။

(၂) အခွင့်အလမ်းအဖြစ် မြင်လိုက်ပါ

Photo: thriveglobal

သင်ကြောက်နေတဲ့ အရာရဲ့ ဟိုတစ်ဘက်မှာ သင်မထင်ခဲ့ဖူးတဲ့ လှပဆန်းပြားမှုတွေ ၊ တိုးတက်မြင့်မားတဲ့ အနေအထားတွေ ရှိနေနိုင်ပါတယ်။ သောက ကို ရင်ဆိုင်တဲ့ နည်းတွေထဲမှာ သင်ကိုယ်တိုင်က သောက ဖြစ်နေတဲ့ အရာကို ရှောင်မပြေးဘဲ မျက်နှာချင်းဆိုင်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ သောကဟာ ကိုယ်ခံအားကျဆင်းအောင် လုပ်နိုင်လို့ ကြောက်နေရင် ဖျားသွားရုံပဲ ရှိမှာပါ။

(၃) လူတွေကို ကူညီပါ

Photo: Freepik

မသေချာမှုကို ကြောက်တဲ့ စိတ်ဖြစ်နေရင် အဲဒီစိတ်ကို တိုက်ဖျက်ဖို့ တစ်ယောက်ယောက်ကို အကူအညီပေးတာမျိုး လုပ်သင့်ပါတယ်။ လူ့အသိုင်းအဝိုင်းထဲမှာ ပိုပြီး ပါဝင်ဖြစ်တာ ၊ တစ်ခြားသူတွေရဲ့ ဘဝကို ပိုကောင်းအောင် လုပ်ပေးလိုက်တာဟာ ကိုယ့်စိတ်လည်း သက်သာပျော်ရွှင်ရသလို သွေးဖိအားနည်းပြီး စိတ်လက်လည်း ပိုပေါ့ပါးစေတယ်လို့ ဆိုပါတယ်။တစ်ပတ်ကို ၅.၈ နာရီ သူတစ်ပါး အကျိုးဆောင်သူတွေဟာ ပျော်ရွှင်တဲ့သူတွေ ဖြစ်ကြတယ်လို့ လူမှုဗေဒပညာရှင်တွေက တွေ့ရှိထားပါတယ်။ အများအကျိုး လုပ်ဆောင်တဲ့ ပရဟိတစိတ်ထား ရှိသူတွေဟာ ကိုယ့်လုပ်ရပ်ကြောင့် စိတ်ကြည်နူးရသလို ကိုယ်သောက ဖြစ်နေတဲ့အရာဟာ တစ်ခြားသူတွေထက် ပိုပြီး ထူးခြားဆိုးဝါးနေတာ မဟုတ်ဘူးဆိုတာလည်း သိလာကြပါတယ်။

(၄) လေ့ကျင့်ခန်း

Photo: Freepik

ကိုယ်ကာယ လေ့ကျင့်ခန်းနဲ့ စိတ်အဆင့် မြှင့်တင်တဲ့ လေ့ကျင့်ခန်းတွေဟာ သောကကို တိုက်ဖျက်ဖို့ ထိရောက်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ သောကဖြစ်နေချိန်မှာ စိတ်အေးချမ်းအောင် တရားရှုမှတ်လိုက်တာ ၊ ချွေးပြိုင်ပြိုင်ထွက်အောင် အားကစားလုပ်လိုက်တာဟာ ထူးခြားတဲ့ အကျိုးပေးပါတယ်။ ခန္ဓာကိုယ် လှုပ်ရှားမှုဟာ စိတ်အပေါ် သက်ရောက်မှု ရှိလို့ Gym သွားပြီး အားကစားလုပ်တာဟာလည်း သင့်စိတ်ကို ရှင်းသွားအောင် ကူညီနိုင်ပါတယ်။
အားကစားလုပ်ခြင်းဟာ သင့်ကျန်းမာရေးကို ပိုကောင်းစေပြီး ကိုယ်တွင်းစနစ် အဆင့်မြှင့်တင်နိုင်သလို ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ်လည်း မြင့်တက်လာနိုင်ပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်သလိုပဲ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို နှလုံးသွင်းမှန်မှန်နဲ့ သိရှိတာကလည်း သောကနည်းအောင် ကူညီပေးနိုင်လို့ ပုံမှန်အချိန်ဇယား သတ်မှတ်ပြီး စိတ်အလေ့အကျင့် လုပ်သင့်ပါတယ်။