တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ COVID-19 ဟာ အခုဆို လူပေါင်း ၁၀ သန်းကျော်မှာ ကူးစက်ပြီး ဖြစ်ပါတယ်။ COVID-19 ကာလမှာ တစ်ချို့တွေလည်း အပြင်သွားလာ နေကြရသလို တစ်ချို့ရောဂါကူးစက်မှု မြင့်နေတဲ့ နေရာတွေမှာတော့ အိမ်ထဲမှာပဲ Self-Quarantine ဝင်ပြီး ရောဂါမကူးစက်အောင် ကာကွယ်နေကြရပါတယ်။ အိမ်ထဲမှာပဲ နေထိုင်ပြီး COVID-19 ကို ကာကွယ်နေရတဲ့သူတွေဟာ ကိုယ်ရော စိတ်ပါ ကျန်းမာရွှင်လန်းဖို့အရေးကို အထူးဂရုပြုဖို့ လိုပါတယ်။ ဒီအတွက် အိမ်တွင်းအောင်းနေချိန်မှာ ကျန်းမာအောင် နေနည်းတစ်ချို့ မျှဝေချင်ပါတယ်။

(၁) လုပ်စရာလေးတွေ တန်းစီချရေးထားပါ

Photo: Unsplash

အိမ်မှာ ကြာကြာနေရတာ ပျင်းစရာကောင်းပါတယ်။ ဘယ်သူနဲ့မှလည်း မတွေ့ရတဲ့ အချိန်မျိုးမှာ ဘာမှလည်း လုပ်စရာမရှိရင် နေ့စဉ်ဘဝမှာ တက်ကြွရွှင်လန်းမှုအပြည့်နဲ့ ဖြတ်သန်းဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် နေ့တိုင်းမှာ လုပ်စရာကိစ္စလေးတွေကို အချိန်နဲ့ ဇယားနဲ့ ချရေးထားပြီး လုပ်သင့်ပါတယ်။တစ်နေ့တာ လုပ်စရာကိစ္စလေးတွေ ရှိနေတော့ အချိန်တွေလည်း အကျိုးရှိရှိ ကုန်ဆုံးရာရောက်သလို စိတ်လည်း လေတာမျိုး ဖြစ်မှာ မဟုတ်တော့ပါဘူး။

(၂) တက်ကြွလှုပ်ရှားမှု ရှိပါစေ

Photo: Freepik

အိမ်ထဲမှာဆို ဘာကိုယ်လက်လှုပ်ရှားမှုမှ မလုပ်ဖြစ်တာ များပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ တစ်နေ့တာ အချိန်ဇယားမှာ စာဖတ်ချိန် ၊ အလုပ်လုပ်ချိန်အပြင် Workout Time ပါ ထည့်သွင်းထားဖို့ လိုပါတယ်။ စိတ်မငြီးငွေ့အောင် ရုပ်ရှင်ဂီတဖျော်ဖြေရေးတွေ အွန်လိုင်းက နားထောင်တာအပြင် ခြံလေးဝန်းလေးနဲ့ နေသူတွေဆိုရင် အပင်လေးဘာလေး စိုက်တာ ၊ ခြံထဲ လမ်းဆင်းလျှောက်တာမျိုးတွေပါ လုပ်သင့်ပါတယ်။

(၃) အစားအသောက်လည်း ဂရုစိုက်ပါ

Photo: Unsplash

တစ်နေ့တစ်နေ့ ကိုယ်စားတဲ့ အစားအသောက်တွေကို သတိထားဖို့ လိုပါတယ်။ သကြားဓါတ်များတဲ့ အငန်ဓါတ်မြင့်တဲ့ အစားအသောက်တွေဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက် မကောင်းသလို စိတ်ခံစားမှုနဲ့ အိပ်စက်ခြင်းပါ ထိခိုက်နိုင်ပါတယ်။ အသင့်စား အစားအသောက်တွေထက် စာရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝအစားအစာတွေ စားသောက်တာ ၊ ကိုယ်တိုင်ချက်ပြုတ်စားတာမျိုး လုပ်သင့်ပါတယ်။

(၄) စိတ်ချမ်းသာရေး ဦးစားပေးပါ

Photo: Freepik

အိမ်ထဲမှာ သီးသန့်လို နေရချိန်မှာ အရေးကြီးဆုံးက စိတ်ချမ်းသာဖို့ပါပဲ။ တစ်ယောက်တည်းအနေကြာလာရင် စိတ်ဓါတ်ကျတာ ၊ စိတ်လေတာနဲ့ မခံစားနိုင်အောင် ပျင်းရိငြီးငွေ့သွားနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်နှလုံးအေးချမ်းဖို့အတွက် စိတ်လေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ပေးသင့်ပါတယ်။ တရားထိုင်တာ ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်ပြီး စိတ်စုစည်းမှုကောင်းအောင် နေထိုင်တာနဲ့ ယောဂလိုမျိုး ကိုယ်ရောစိတ်ပါ စည်းချက်ညီညီ လေ့ကျင့်ပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဟာသရုပ်ရှင်တွေကြည့်ပြီးလည်း စိတ်အပန်းဖြေသင့်သလို အဝေးရောက်သူငယ်ချင်း မိတ်ဆွေတွေနဲ့လည်း Video Call ခေါ်ပြီး စကားဝိုင်း ဖွဲ့သင့်ပါတယ်။ စိတ်ငြီးငွေ့ဖိစီးမှုကို တိုက်ထုတ်ဖို့အတွက် ကိုယ့်ဝါသနာလေးတွေ အကောင်အထည်ဖော်နေဖို့ကလည်း အရေးကြီးပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို နေ့တိုင်း ကြည့်တာမျိုး ရှောင်ပါ။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာပဲ ပျော်အောင်နေပါ။ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဂရုစိုက်လိုက်ပါ။ ဒါဆိုရင်တော့ Stay Home မှာ ကျန်းမာချမ်းသာ နေနိုင်မှာပဲ ဖြစ်ပါတယ်။