အဆိုးမြင်စိတ်ရှိသူများက အဆိုးမြင်သူပီပီ သင့်အတွက် မကောင်းတဲ့အရာများကိုသာ ဆောင်ကျဉ်းပေးမှာပါ။ သင်က မိမိဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်လှမ်းချိန်မှာ သူ့ရဲ့အဆိုးမြင်စိတ်နဲ့ သင်က အောင်မြင်အောင် လုပ်နိုင်မှာမဟုတ်ကြောင်း၊ အချိန်ကုန် လူပင်ပန်းတာပဲ အဖတ်တင်ကြောင်း နည်းမျိုးစုံနဲ့ သင့်ကို နှောင့်ယှက်ဟန့်တားနေပါလိမ့်မယ်။

ထိုကဲ့သို့သော အဆိုးမြင်စိတ်ရှိသူများကို မိမိပတ်ဝန်းကျင်က မြန်မြန်ဖယ်ရှားမှသာလျှင် သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ဆီသို့ မြန်မြန်အရောက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။

ဒါပေမဲ့ သင့်အနေနဲ့ ထိုကဲ့သို့ အဆိုးမြင်ဝါဒီသမားတွေကို မိမိပတ်ဝန်းကျင်က ရှောင်လွှဲလို့ မရဘူးဆိုရင် ဘယ်လိုပြုမူရမလဲ။

လျစ်လျူရှုထားပါ

သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်နဲ့ စွမ်းအင်တွေကို ထိုကဲ့သို့သောလူမျိုးအတွက် အပွန်းပဲ့မခံပါနဲ့။ အလုပ်ထဲမှာဆိုရင်လည်း သူတို့နဲ့ ထိပ်တိုက်တွေ့နေမယ့်အစား နားကြပ်လေးတပ်ပြီး ကိုယ့်အာရုံနဲ့ကိုယ် အလုပ်လုပ်ပါ။ အဆိုးမြင်ဝါဒီသမားများကို လျစ်လျူရှုခြင်းအားဖြင့် သင့်ရဲ့စိတ်ဖိစီးမှုများကို လျော့ချနိုင်ပါတယ်။

အကောင်းမြင်စိတ် ရှိသူများနဲ့ ပြန်လည်အချိန်ကုန်ဆုံးပါ

မကောင်းမြင်စိတ် ရှိသူများက သင့်ကို စိတ်ဓာတ်ကျစေပြီး အကောင်းမြင်စိတ် ရှိသူများကတော့ သင့်ကို စိတ်ခွန်အားရစေမှာပါ။ ဒါ့ကြောင့် မကောင်းမြင်ဝါဒီသမားတွေနဲ့ စကားပြောပြီးတဲ့အခါ အကောင်းမြင်စိတ် ရှိသူများနဲ့ ပြန်လည်စကားပြောရင်း မိမိကိုယ်ကို စွမ်းအင်ပြန်လည်ဖြည့်တင်းလိုက်ပါ။ ဒါမှသာ သင့်ရဲ့မကောင်းမြင်စိတ်များ ဝေးဝေးလွှင့်စင်သွားမှာပဲဖြစ်ပါတယ်။

စိတ်ပိုင်းဖြတ်ထားပါ

အဆိုးမြင်စိတ်က လူတစ်ဦးကနေ တစ်ဦးထံ ကူးစက်တတ်ပါတယ်။ ထိုကဲ့သို့သောသူများနဲ့ အချိန်ဖြုန်းခြင်းက သင့်ကိုလည်း အဆိုးမြင်စိတ်ရှိသူတစ်ယောက်အဖြစ် ပြောင်းလဲပစ်လိုက်နိုင်တာကြောင့် တတ်နိုင်သမျှ အပေါင်းအသင်းမလုပ်ပါနဲ့။

မလွှဲသာ မရှောင်သာလို့ အပေါင်းအသင်းလုပ်ရမယ်ဆိုရင်တော့ “ငါသည် ဒီနေ့တစ်နေ့လံုံး အကောင်းမြင်စိတ်များနဲ့သာ လွှမ်းခြုံထားနိုင်ရမယ်” လို့သာ စိတ်ဆုံးဖြတ်ထားပါ။

သင့်ရဲ့အတွေးများကိုပြန်လည် သုံးသပ်ပါ

အဆိုးမြင်စိတ်ရှိသူနဲ့ အချိန်ဖြုန်းပြီးနောက်မှာ သင့်ရဲ့ကောင်းနေတဲ့ စိတ်ခံစားချက်များလည်း တစ်မဟုတ်ချင်း ညစ်ထေးသွးနိုင်ပါတယ်။ ထိုကဲ့သို့သော အခြေအနေမှာ သင့်ရဲ့စိတ်ကူးများ၊ အတွေးများကို ပြန်လည်သုံးသပ်ပါ။ သင့်ရဲ့စိတ်ကူးများ၊ အတွေးအခေါ်များကို ပြန်လည် တည့်မတ်ရပါမယ်။

Photo Source: Freepik.com

Source: Forbes.com