ပြိုင်ဆိုင်မှုတွေ တင်းကြမ်းပြည့်နေတဲ့ ဘဝလမ်းမှာ Self-Confidence ရှိခြင်းဟာ ကိုယ့်အတွက် ခံတပ်ကြီးတစ်ခုလိုပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ ကိုယ့်ရဲ့ ပင်ကိုယ်တန်ဖိုး အစစ်အမှန်ကိုအတွင်းကျကျသိပြီး မတုန်လှုပ်ဘဲတည်ကြည်တဲ့ စိတ်ဓါတ်ရှိခြင်းပဲဖြစ်ပါတယ်။

ဒီစိတ်ဓါတ်တွေဟာဘဝမှာ ထိပ်တန်းရောက်အောင်မြင်သူရဲ့ အားထားရာလက်နက်ပါပဲ။
Self-Confidence ဟာ ပြုပြင်ဖန်တီးယူနိုင်တဲ့ အရာဖြစ်ပြီး နေ့ စဉ်လေ့ကျင့်သွားရင် ကိုယ့်မှာအထုံဖြစ်လာမယ့် စိတ်လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိဖို့ အတွက် အခြေခံကျကျလေ့ကျင့်နိုင်တဲ့ နည်းလမ်း ၄ ခုရှိပါတယ်။

(၁) အဆိုးတွေကို ရင်ဆိုင်ပါ

Source: Unsplash

လူတွေဟာ အကောင်းမြင်စိတ် နဲ့ အကောင်းမြင်ခြင်းအကြောင်းကို တန်ဖိုးထားပြောကြပါတယ်။ တကယ်လည်း အကောင်းမြင်တာ ကောင်းပါတယ်။ အကောင်းမြင်ခြင်းဟာ ပိုပြီး ပျော်ရွှင်စေတဲ့ ခံယူချက်တစ်ခု ဖြစ်ပေမယ့် အကောင်းမြင်မှုကို ပုံမှားရိုက်တဲ့ စိတ်တစ်မျိုးလည်း ရှိပါတယ်။အဲ့ဒါကတော့ ဖြစ်သမျှကိုလည်စင်းခံလိုက်တာပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ရင်ဆိုင်ရမှာပါ။ တစ်လှမ်းလောက် ရှေ့ တိုးပြီး အခက်အခဲတွေကို စိန်ခေါ်ရဲဖို့လိုပါတယ်။ ကျွန်တော်တို့ကို လွှမ်းခြုံထားတဲ့ အမှောင်တွေကနေ လွန်မြောက်စေဖို့ အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ အလင်းရောင်ထွန်းလင်းလိုက်ခြင်းပါပဲ။

(၂) လူတွေရဲ့အမြင်ကိုလည်း ဂရုမစိုက်ဖို့လိုပါတယ်

Source: Pixabay

အမြဲတမ်း တစ်ခြားသူတွေရဲ့ သဘောထားမှတ်ချက်တွေနဲ့ နေထိုင်မယ်ဆိုရင် ကိုယ်ပိုင်ဘဝဆိုတာရှိတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယုံကြည်ဖို့ အတွက် အရေးကြီးဆုံးအရာက ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးကို အနှစ်ကျကျ နားလည်ဖို့ ပါပဲ။ ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ ခေါင်းဆောင်ကြီးတွေ ၊ ဆုံးဖြတ်ချက်ချသူတွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့ ဟာ သူတို့ ပုံရိပ်ကို ထင်ရှားသထက် ထင်ရှားအောင် ဖန်တီးပြီး အရေးမပါတဲ့ ကားနဲ့ အယူအဆတွေကို ခေါင်းထဲ အဝင်မခံသူတွေ ဖြစ်ပါတယ်။

(၃) ဇာတ်လမ်းပြောင်းပါ

Source: Unsplash

ဘဝဟာ ဇာတ်ခုံကြီး ဖြစ်ပြီး လူတွေဟာဇာတ်ကောင်တွေ ဖြစ်တယ်လို့ ရှိတ်စပီးယားက ပြောဖူးပါတယ်။ ကျွန်တော်တို့ ရဲ့ လက်တွေ့ ဘဝတွေဟာ ကိုယ့်ရဲ့ ဇာတ်လမ်း ကိုယ်ရေးပြီး ကိုယ့်ဇာတ်ရုပ်မှာ ကိုယ်ကနေကြတာပါ။ ကိုယ်လိုချင်တဲ့ ဇာတ်ရုပ်နဲ့ ဇာတ်ကောင်ပုံစံကိုကိုယ့်ဘာသာ ဖန်တီးရမှာ ဖြစ်ပြီး လိုအပ်ရင်ဇာတ်ညွန်းပြောင်းရေးရမှာပါ။ဒီနေ့ ငါရေးလိုက်တဲ့ ဇာတ်ညွှန်းကြောင့် ငါဟာပိုပြီး တိုးတက်လာသလား။ ဘယ်လောက် ပြောင်မြောက်အောင်ကော ငါပါဝင်ခဲ့သလဲ။ ကိုယ့်ကိုယ်ကိုယ်မေးပါ။

(၄) ဒီစကားလုံးတွေကို နေ့ စဉ်ဘဝကဖယ်ပါ

Source: Freepik

ကျွန်တော်တို့ဟာ အချိန်တိုင်း စကားပြောပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နှုတ်အားဖြင့် စကားပြောကြသလို ၊ ကိုယ့်ခေါင်းထဲမှာတင် ကိုယ့်ဘာသာ စကားဝိုင်းဖွဲ့ နေရင်းနဲ့ ကျွန်တော်တို့ ရဲ့ အချိန်တွေ ကုန်ဆုံးနေကြတာပါ။ ဒီလိုပြောတဲ့ စကားတွေထဲမှာ အခုပြောမယ့် စကားလုံးတွေ သတ်ပစ်ဖို့ တိုက်တွန်းချင်ပါတယ်။

– မလုပ်နိုင်ဘူး
– ဖြစ်ပါ့မလား
– အဲလို ဖြစ်ရမှာ
– ဒီလို ဖြစ်ပါစေ..