အောင်မြင်ခြင်းဆိုတာ လွယ်လွယ်ကူကူ ရနိုင်တဲ့အရာတစ်ခု မဟုတ်ပါဘူး။ ဘဝမှာ အောင်မြင်မှုရဖို့ ဇွဲသန်ရမယ် ၊ ခံယူချက်တွေခိုင်မာရမယ် ၊ ကြိုးစားအားထုတ်ရမယ် ၊ စွန့်လွှတ်စွန့်စားရဲရမယ်။ ဒီနေရာမှာ ပြောချင်တာက အောင်မြင်မှုရဖို့ ဘယ်အရာတွေ စွန့်လွှတ်ရမလဲဆိုတဲ့ အကြောင်းပါ။ သင်တစ်နေ့ သေချာပေါက် အောင်မြင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပြောမယ့် အလေ့အကျင့်တွေကို အပြီး တိုင်စွန့်လွှတ်ဖို့ အကြံပြုလိုပါတယ်။
(၁) ကျရှုံးမှာကြောက်တဲ့စိတ်
Photo : Rhodes Wellness College
ကျရှုံးမှာကြောက်တဲ့စိတ်က သင့်ဘဝအောင်မြင်ရေးအတွက် ကောင်းကျိုးမပြုနိုင်ပါ။ အောင်မြင်ခြင်းရဲ့ လမ်းစက ကျရှုံးခြင်းပါပဲ။ ကျရှုံးမှာကြောက်ပြီး ဘာမှမလုပ်ပဲနေရင် သင့်ဘဝမှာ ဘာမှဖြစ်လာနိုင်စရာမရှိပါဘူး။ ကျရှုံးခြင်းတွေကနေ သင်ယူရမယ် ပိုကောင်းတဲ့ မွမ်းမံပြင်ဆင်မှုတွေလုပ်ရမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ အမှန်တကယ်အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နှင့် အကြောက်တရားမရှိဘဲ အနာဂတ်ကို ရင်ဆိုင်လိုက်ပါ။
(၂) အချိန်ရွေ့ဆိုင်းတဲ့အကျင့်
Photo : Verywell Mind
သူ့ထက်ငါအပြိုင် အလုအယက်ကြိုးစားနေကြတဲ့ခေတ်ကြီးမှာ အချိန်ဆွဲနေရင် သင်ပဲနောက်ကောက်ကျန်ခဲ့မှာပါ။ အောင်မြင်ရေးမှ မဟုတ်ပါဘူး ဘယ်နေရာမှာဖြစ်ဖြစ် အချိန်ဆွဲတဲ့ အကျင့်ရှိတာဟာ နှောင့်နှေးကြန့်ကြာမှုကိုဖြစ်စေပြီး စိတ်ဖိစီးမှု ပိုများစေပါတယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် လုပ်စရာရှိတဲ့အလုပ်ကို ချက်ချင်းထလုပ်ပါ။
(၃) ကံအပေါ်ယုံကြည်မှု
Photo : iStock
ဘဝမှာ ကံအပေါ်ကိုပဲ အပြည့်အဝယုံကြည်ပြီး အောင်မြင်ချင်နေရင်တော့ သင့်ရဲ့အောင်မြင်မှုက ဝေးကွာနေအုန်းမှာပါပဲ။ ကံဆိုတာ ကြိုတင်ပြင်ဆင်မှုပေါ်မှာ အခြေခံတဲ့ အုတ်မြစ်တစ်ခုပဲ ဖြစ်ပါတယ်။ အောင်မြင်မှုအတွက် သင့်အနေနဲ့ ကံကောင်းတဲ့အခိုက်အတန့်ကို စောင့်စရာမလိုပါဘူး။ သင်လိုအပ်သမျှကို အကောင်းဆုံးကြိုတင်ပြင်ဆင်ပြီး အခွင့်အလမ်းတစ်ခုလာချိန်မှာ သေချာဖမ်းဆုပ်နိုင်ခြင်းကသာ အောင်မြင်တဲ့ရလဒ်ကို ပေးနိုင်မှာပါ။ ဒါကြောင့် ကံကောင်းခြင်းအပေါ် အပြည့်အဝအာရုံမစိုက်ပဲ သင့်ဘက်ကလုပ်နိုင်သမျှ အကောင်းဆုံးပြင်ဆင်ပြီး အခွင့်အရေးကောင်းတွေကို ရှာဖွေရမှာဖြစ်ပါတယ်။
(၄) ပြီးပြည့်စုံချင်တဲ့စိတ်
Photo : Level Up Coding
Perfect ဖြစ်အောင်လုပ်တယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် Perfect အဖြစ်လွန်ချင်တဲ့အခါ ပြည့်စုံခြင်းထက်ကျော်လွန်ပြီး လမ်းချော်သွားတက်တာကိုလည်း သတိပြုဖို့လိုပါလိမ့်မယ်။ ပြင်လွန်းရင် ဖင်ချွန်းတယ်ဆိုတဲ့ စကားလဲရှိတယ် မဟုတ်လား။ လူတိုင်းကတော့ အရာရာမှာ ပြီးပြည့်စုံပြီး ထူးချွန်ထက်မြတ်နေမှာ မဟုတ်ပါဘူး။ ပြီးပြည့်စုံဖို့ထက် အကောင်းဆုံးကြိုးစားနေဖို့ကသာ အရေးကြီးတာပါ။ ဒါကြောင့် ဘာပဲလုပ်လုပ်အကောင်းဆုံးလုပ်ပါ။ အကောင်းဆုံးကြိုးစားပါ။
Featured Photo : NBC News