ဖက်ရှင်ကျဖို့ဆိုတာ အဝတ်အစားတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ထိုအဝတ်အစားကို နဂိုထက်ပို ဖက်ရှင်ကျလာအောင် ကူညီပေးနိုင်တာကတော့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေပဲဖြစ်ပါတယ်။ ပုံမှန်ဝတ်နေကျ စတိုင်ဘောင်းဘီကို ခါးပတ်နဲ့တွဲဝတ်လိုက်မယ်ဆို နဂိုထက်ပိုပြီး ဖက်ရှင်ကျနေသလိုမျိုးပေါ့။

ဖက်ရှင်အသုံးအဆောင်တွေ လိုအပ်တယ်ဆိုတိုင်းလည်း အသုံးအဆောင်အများကြီး ဝတ်ဆင်ခြင်းကိုတော့ ရှောင်ကြဉ်ရပါမယ်။ ဥပမာ နေကာမျက်မှန်လည်း ဝတ်ထားတယ်၊ ဦးထုပ်တွေရော၊ လည်စည်းပုဝါပါ ပတ်ထားမယ်ဆိုရင် ဘယ်လောက်တောင်ကြည့်ရဆိုးနေမလဲဆိုတာ မြင်ယောင်ကြည့်တာနဲ့ တင်သိပါတယ်။ ဒါ့ကြောင့် မလိုက်ဖက်တဲ့ဖက်ရှင်အသုံးအဆောင်တွေကို တွဲမဝတ်သင့်ပါဘူး။

စာဖတ်သူက ဖက်ရှင်ကျသူတစ်ယောက်လား၊ ဒါမှမဟုတ် ဖက်ရှင်ပိုင်းဆိုင်ရာမှာ နောက်ကောက်ကျနေတဲ့သူတစ်ယောက်လားဆိုတာ ဘယ်လို သိနိုင်မလဲ။ ဖက်ရှင်ကျတဲ့အမျိုးသားတစ်ယောက်မှာ ဘယ်လိုဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေ ပိုင်ဆိုင်ထားသလဲ။

လက်ပတ်နာရီ

ရှေးခေတ်က ဝတ်ကောင်းစားလှဝတ်ဆင်ကြတဲ့အမျိုးသားတွေက စတိုင်ထုတ်ချင်တဲ့အခါ လက်ပတ်နာရီတွေ ဝတ်ဆင်လေ့ရှိကြပါတယ်။ နာရီကို အချိန်သိဖို့အပြင် စတိုင်တစ်ခုအနေနဲ့ပါ ဝတ်ဆင်ကြတာပါ။ ယနေ့အထိလည်း လက်ပတ်နာရီဖက်ရှင်တွေက ခေတ်စားနေဆဲဖြစ်ပါတယ်။

နေကာမျက်မှန်

နေကာမျက်မှန်တစ်လက်က ရှိုးထုတ်ဖို့အတွက်ပဲ အသုံးဝင်တာမဟုတ်ပါဘူး။ ခရမ်းလွန်နေရောင်ခြည်ဒဏ်မှ သင့်မျက်လုံးကို ကာကွယ်ပေးပြီး အသက်ကြီးလာတဲ့အခါ မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါများ မခံစားရအောင် အကာအကွယ်ပေးနိုင်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်လက်ပဲဖြစ်ပါတယ်။

နက်ခ်တိုင်

နက်ခ်တိုင် အမျိုးအစားကလည်း အမျိုးမျိုးရှိပါတယ်။ အခြေခံအကျဆုံး ရိုးရိုးနက်ခ်တိုင်နဲ့ ဖဲပြားနက်ခ်တိုင်တို့ ပိုင်ဆိုင်ထားတယ်ဆိုရင် သင်က ဖက်ရှင်အမြင်ရှိသူတစ်ယောက်ဖြစ်တယ်လို့ သတ်မှတ်လို့ရပါတယ်။

ခြေအိတ်

ရာသီဥတုက ဒီလောက်ပူတာ ခြေအိတ်က ဘာဝတ်လုပ်ရမှာလဲလို့ မထင်လိုက်ပါနဲ့။ ရှုးဖိနပ်တွေ၊ အားကစားဖိနပ်တွေ ဝတ်တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။

အိတ်

ကျောပိုးအိတ်ကြိုက်တာလား၊ ဘေးလွယ်အိတ်လား၊ ဒါမှမဟုတ် လက်ကိုင်အိတ်လား။ ကိုယ် ဝတ်မယ့်အဝတ်အစားပေါ်မူတည်ပြီး အိတ်အမျိုးအစားကိုလည်း ပြောင်းကိုင်သင့်ပါတယ်။ အနောက်တိုင်း ဝတ်စုံပြည့်ဝတ်တဲ့အခါ ကျောပိုးအိတ်လွယ်မယ့်အစား လက်ကိုင်အိတ်ပြောင်းလွယ်ပါ။ လူငယ်ဖက်ရှင်ဆိုရင်တော့ ကျောပိုးအိတ်က သင့်တော်ပါတယ်။

သင့်မှာ ဒီဖက်ရှင်အသုံးအဆောင် (၅) မျိုးစလုံး ပိုင်ဆိုင်ထားပြီလား။ ဒါဆိုရင်တော့ သင်က ဖက်ရှင်ပိုင်းဆိုင်ရာမှာ နောက်ကောက်ကျမနေဘဲ ဖက်ရှင်ရေစီးကြောင်းနဲ့အညီ လိုက်ပါစီးမျောတတ်တဲ့ပုရိသတစ်ယောက်ပဲဖြစ်ပါတယ်။

Source: thetrendspotter.net