ကမ္ဘာပေါ်ကအဖိုးတန်ဆုံးအရာတွေက ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာရှိနေတက်တယ်ဆိုတာ သင်သိပါသလား။ အဆိုပါအဖိုးတန်အရာတွေထဲမှာ ရှားစောင်းလက်ပတ်ပင်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဟိန္ဒူဘာသာမှာတော့ ရှားစောင်းလက်ပတ်ပင်ကို ကျန်းမာရေးနှင့်သက်ဆိုင်တဲ့ ဂုဏ်သတ္တိများမြောက်မြားစွာပါဝင်ပြီး ရောဂါများကိုကုသနိုင်တဲ့ နတ်ဆေးပင်လို့ ဖော်ပြရေးသားထားပါတယ်။ ဒီနေ့မှာတော့ ကျန်းမာရေးအတွက် အထောက်အပံ့များစွာပေးစွမ်းတဲ့ ရှားစောင်းလက်ပတ်ဖျော်ရည်ကိုနေ့တိုင်းသောက်ပေးခြင်းဖြင့်ရရှိလာမယ့်အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ဗီတာမင်နှင့်သတ္တုဓာတ်များစွာရစေတယ်

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ် သတ္တုဓာတ်နှင့် Antioxidants များစွာကို ရှားစောင်းလက်ပတ်ပင်ကနေ ရရှိနိုင်ပါတယ်။ ဈေးကွက်ထဲမှာလည်း အလွယ်တကူရရှိနိုင်ပြီး ကုန်ကျစရိတ်သက်သာစွာနဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်များစွာဖြည့်တင်းနိုင်မှာဖြစ်တာကြောင့် နေ့စဉ် ရှားစောင်းလက်ပတ်ဖျော်ရည်တစ်ခွက်သောက်သုံးပေးသင့်တာဖြစ်ပါတယ်။

(၂) အဆိပ်အတောက်တွေဖယ်ရှားပေးတယ်

ရှားစောင်းလက်ပတ်ဖျော်ရည်ဟာ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို ကောင်းစွာဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ မနက်အိပ်ယာနိုးတာနဲ့ ရှားစောင်းလက်ပတ်ဖျော်ရည်တစ်ခွက်ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျောက်က အဆိပ်အတောက်တွေ အညှိအချွဲတွေကို ရှင်းထုတ်ပေးပြီး အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။

(၃) ဟော်မုန်းဆိုင်ရာပြဿနာတွေကိုထိန်းညှိပေးတယ်

ရှားစောင်းလက်ပတ်ဖျော်ရည်ဟာ ခန္ဓာကိုယ်တွင်းက ဟော်မုန်းဆိုင်ရာပြဿနာတွေကိုထိန်းညှိပေးပြီး ပန်ကရိယ သရက်ရွက် စတဲ့ကိုယ်တွင်းအင်္ဂါတွေနဲ့ သက်ဆိုင်တဲ့ ရောဂါများကိုကုသရာမှာ အထူးကောင်းမွန်တဲ့ ဆေးဖက်ဝင်ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေတာကြောင့် သွေးအားနည်းလေ့ရှိတဲ့သူတွေနဲ့ အမျိုးသမီးတွေသောက်သုံးဖို့အထူးသင့်တော်ပါတယ်။

(၄) ဆံပင်နှင့်အရေပြားကျန်းမာရေးကောင်းစေတယ်

ရှားစောင်းလက်ပတ်ပါဝင်တဲ့ အသားအရေနှင့်ဦးရေပြားဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေကို ဈေးကွက်ထဲမှာ တွင်တွင်ကျယ်ကျယ်မြင်ရပါတယ်။ ရှားစောင်းလက်ပတ်ဟာ တကယ်လည်းအသားအရေနှင့် ဦးရေပြားဆိုင်ရာကျန်းမာရေးအတွက် ကောင်းမွန်တဲ့ သဘာဝအလှကုန်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့်နေ့စဉ် ရှားစောင်းလက်ပတ်ဖျော်ရည်သောက်သုံးပေးမယ်ဆိုရင် အသားအရေလှပပြီး နက်မှောင်သန်စွမ်းတဲ့ဆံကေသာကိုရရှိမှာဖြစ်ပါတယ်။

(၅) ကိုယ်ခံအားကောင်းစေတယ်

ကျန်းမာခြင်းအတွက် သဘာဝဓာတ်စာတစ်မျိုးဖြစ်တဲ့ ရှားစောင်းလက်ပတ်ဟာ ခန္ဓာကိုယ်ရဲ့ အဓိက ပင်မကြောရိုးဖြစ်တဲ့ ကိုယ်ခံအားစနစ်ကိုလည်း အထောက်အပံ့ဖြစ်စေပါတယ်။ နေ့စဉ်ရှားစောင်းလက်ပတ်ဖျော်ရည်တစ်ခွက် သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ပြီး တော်ရုံဖျားနာခြင်းနှင့် ကုစက်ရောဂါတွေ ဝင်ရောက်မလာနိုင်အောင်တားဆီးပေးပါလိမ့်မယ်။