ကမ္ဘာ့နံပါတ်တစ် လူကြိုက်အများဆုံးအားကစားတစ်ခုကတော့ ဘောလုံးအားကစားပဲဖြစ်ပါတယ်။ လူဦးရေရဲ့သန်း ၃၅၀၀ ကျော်က ဘောလုံးအားကစားကို စွဲစွဲမြဲမြဲနှစ်ခြိုက်အားပေးကြတယ်လို့လည်း စစ်တမ်းများအရ သိရှိရပါတယ်။ ထိုအားကစားသည် သူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါးကစားနိုင်သလို ငွေကုန်ကြေးကျလည်း မများတာကြောင့် လူအများက ဘောလုံးကန်ရတာကို နှစ်သက်ကြပါတယ်။

သင့်အနေနဲ့ ဘောလုံးကန်ရတာကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အကျိုးကျေးဇူးများကို ရရှိခံစားရပါလိမ့်မယ်။

နှလုံးအားကောင်းခြင်း

man ready to kick the ball

ဘောလုံးပွဲတစ်ပွဲ ကစားတဲ့အခါ ဘောလုံးသမားက ကွင်းထဲမှာ ဘောလုံးနောက်ကို ပြေးလိုက်နေရပါတယ်။ ထိုကဲ့သို့ ပြေးခြင်းက ပျမ်းမျှအားဖြင့် ပွဲတစ်ပွဲကစားပြီးတဲ့အခါ ၈ ကီလိုမီတာကနေ ၁၁ ကီလိုမီတာခန့်ပြေးရပါတယ်။ ကွင်းထဲ ပြေးနေရခြင်း၊ မြန်မြန်လမ်းလျှောက်နေရခြင်းက ကစားသမားရဲ့နှလုံးခုန်နှုန်းကို မြင့်တက်စေပြီး နှလုံးသွေးကြောများတွင် သွေးလှည့်ပတ်မှုကောင်းအောင် ကူညီပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ကယ်လိုရီများကို လောင်ကျွမ်းစေပါတယ်။

ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးပြီး ကြွက်သားများကို သန်မာစေခြင်း

man touching belly fat

အဆီပိုများ လောင်ကျွမ်းစေဖို့အတွက် ဘောလုံးကစားခြင်းက အကောင်းဆုံးအားကစားတစ်ခုပဲဖြစ်ပါတယ်။ ဘောလုံးကစားခြင်းကြောင့် ကြွက်သားများလည်း သန်မာပြီး ပုံမှန်ဘောလုံးကန်သူက Gym မှာ လေ့ကျင့်ခန်းပြုလုပ်သူများထက် ဝိတ်ကျတာ ပိုမြန်ပါတယ်။

အချိန်ကိုက် လုပ်ဆောင်တတ်အောင် သင်ကြားပေးခြင်း

soccer into goal success

ဘောလုံးကစားတဲ့အခါ ဘယ်အချိန်မှာ ပြေးရမယ်၊ ဘယ်အချိန်မှာ ခပ်ဖြည်းဖြည်းလမ်းလျှောက်ရမယ်၊ ဘယ်အချိန်မှာတော့ မြန်မြန်လမ်းလျှောက်ရမယ် စတာတွေကို သိထားဖို့ လိုပါတယ်။ သင့်ခန္ဓာကိုယ်စီးချက်က ဘောလုံးရဲ့လားရာနဲ့ အမြန်နှုန်းပေါ် မူတည်ပြီး အချိန်ကိုက်လုပ်ဆောင်နေရတဲ့အပြင် မျက်လုံးကလည်း ဘောလုံးကို မျက်ခြေမပြတ်စောင့်ကြည့်နေရတာပါ။ အချိန်ကြာလာတဲ့အခါ အချိန်ကိုက်လုပ်ဆောင်တတ်ခြင်း အကျိုးကျေးဇူးကို ရရှိနိုင်ပါလိမ့်မယ်။ ထိုအကျိုးကျေးဇူးက သင့်ကို လုပ်ငန်းခွင်ဘဝမှာရော လူမှုဘဝမှာပါ အောင်မြင်အောင် စီးချက်ညီညီလုပ်ဆောင်တတ်အောင် ကူညီပေးပါလိမ့်မယ်။

အသင်းအဖွဲ့စိတ်ဓာတ်နှင့် မျှဝေခြင်းစိတ်ဓာတ်တို့ကို မြှင့်တင်ပေးခြင်း

football fans celebrating their suceess

ဘောလုံးကစားရတာ တစ်ဦးတစ်ယောက်တည်း ကောင်းလို့မရပါဘူး။ အသင်းအဖွဲ့နဲ့ လုပ်ဆောင်ရပြီး ကိုယ့်အသင်းသားတွေနဲ့ ဘယ်အချိန်မှာ ဘောလုံးကို လက်ဆင့်ကမ်း ကန်ရမလဲ၊ ကိုယ့်အသင်းသားက ကိုယ့်ဆီ ဘယ်အချိန် ဘောလုံးပစ်ပေးမလဲဆိုတာကို အချိတ်အဆက်မိမိလုပ်ဆောင်နေရခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့ အသင်းအဖွဲ့စိတ်ဓာတ်နှင့် မျှဝေခြင်းစိတ်ဓာတ်တို့ကလည်း သင့်ရဲ့လူမှုဘဝအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေပါတယ်။

မှတ်ဉာဏ်စွမ်းအားကောင်းစေခြင်း

football players in the field

ဘောလုံးကန်တဲ့အခါ ကိုယ့်အသင်း နိုင်စေချင်တယ်ဆိုရင် ဆုံးဖြတ်ချက်မှန်ကန်ဖို့လည်း အရေးကြီးပါတယ်။ ထိုကဲ့သို့ ဆုံးဖြတ်ချက်မှန်ကန်ဖို့အတွက် အာရုံစူးစိုက်နိုင်စွမ်း၊ ဇွဲ၊ လုံ့လတို့ လိုအပ်ပါတယ်။ အာရုံပျံ့လွင့်သွားတာနဲ့တစ်ပြိုင်နက် တစ်ဖက်အသင်းရဲ့ထိုးစစ်ဆင်ခြင်းကို ခံရပါတော့တယ်။ ဒါ့ကြောင့်လည်း ဘောလုံးကစားခြင်းက မှတ်ဉာဏ်စွမ်းအားကောင်းအောင် ကူညီပေးတယ်လို့ ဆိုနိုင်တာပါ။

သင်ရော သူငယ်ချင်းများနဲ့ မကြာခဏဘောလုံးကန်လေ့ရှိပါသလား။ အခုဖော်ပြသွားတဲ့အကျိုးကျေးဇူးများကိုရော ရရှိပိုင်ဆိုင်နေပြီလား။

Source: Thecoachcrew.com