လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲမှာ ဦးနှောက်က အရေးကြီးဆုံးထဲကတစ်ခုလို့ ဆိုရမှာပါ။ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ကယ်လိုရီ ၂၀ ရာခိုင်နှုန်းခန့်ကို အသုံးပြုပြီး စွမ်းအင်အဓိကထုတ်လုပ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် တစ်နေ့တာလုံးအာရုံစူးစိုက်မှုကို ထိန်းသိမ်းထားနိုင်ဖို့ လောင်စာများစွာလိုအပ်ပါတယ်။

ဒီတစ်ခေါက်တော့ အမျိုးသားတို့ရဲ့ ဦးနှောက်နှင့်မှတ်ဉာဏ်စွမ်းရည်အတွက် ဖြည့်စွတ်စားသင့်တဲ့ အစားအစာတွေကို ပြောပြပေးမှာပါ။

(၁) Blueberries

Blueberries

Photo : Eat This, Not That

ဘလူးဘယ်ရီသီးဟာ antioxidant များပါဝင်တဲ့အတွက် ရောင်ရမ်းမှုကိုလျော့ကျစေနိုင်ပြီး ဦးနှောက်အိုမင်းရင့်ရော်ခြင်းနှင့် ဦးနှောက်အာရုံကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ လေ့လာမှုများအရ antioxidant ဓာတ်ဟာ ဦးနှောက်ဆဲလ်များအကြားဆက်သွယ်မှုကို အထောက်အကူပြုစေပြီး ဦးနှောက်နှင့်မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်စေပါတယ်။

(၂) အဆီများတဲ့ငါး

 Salmon

Photo : Daily Mail

ထရောက်ငါး ၊ ဆော်လမွန်နှင့် ဆာဒင်းငါးတွေကဲ့သို့ ငါးတွေမှာ omega-3 fatty acids များစွာ ပါဝင်ပါတယ်။ သင့် ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းဟာ Omega 3s ပါဝင်တဲ့ အဆီနဲ့ဖွဲ့စည်းထားရုံသာမက Omega 3s ဟာ ဦးနှောက်နှင့်အာရုံကြောဆဲလ်များထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

(၃) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

green vegetables

Photo : Medicalopedia

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ဟင်းနုနွယ်ရွက်နှင့် ကိုက်လန်ကဲ့သို့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် K ၊ Lutein ၊ Folate နှင့် Beta-carotene ကဲ့သို့အာဟာရဓာတ်မျိုးစုံ ပါ၀င်ပါတယ်။ ဗီတာမင် K ဟာ ဦးနှောက်ဆဲလ်အတွင်း အဆီဖွဲ့စည်းမှုကိုကူညီပေးပြီး မှတ်ဥာဏ်စွမ်းရည်တိုးတက်လာဖို့ကူညီပေးပါတယ်။

(၄) အခွံမာသီး

walnuts

Photo : Medical News Today

အခွံမာသီးတွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ဗီတာမင် E တို့ပါ၀ င်တာကြောင့် ဦးနှောက်နဲ့ နှလုံးကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ အထူးသဖြင့် သစ်ကြားသီးလိုအခွံမာသီးတွေမှာ ဦးနှောက်စွမ်းဆောင်ရည်ကို ပိုမိုတိုးတက်စေတဲ့ omega-3 fatty acids များပါဝင်ပါတယ်။ လေ့လာမှုများအရ အခွံမာသီးတွေပုံမှန်စားသူတွေဟာ မှတ်ဥာဏ်တိုးတက်ကောင်းမွန်စေပြီး စိတ်ကျရောဂါ ဖြစ်နိုင်ခြေနည်းပါတယ်။

(၅) ဥအမျိုးမျိုး

Eggs

Photo : EJN Blog

ဥအမျိုးမျိုးတွင် ဗီတာမင် B နှင့် choline လို့ခေါ်တဲ့ အာဟာရဓာတ်များ ကြွယ်ဝစွာပါ ၀င်ပါတယ်။ ဗီတာမင် B ဟာ မှတ်ဥာဏ်ချို့တဲ့မှုကိုနှေးကွေးစေရန် ကူညီပေးပါတယ်။ နောက်ပြီး ဗီတာမင် B ဓာတ်ချို့တဲ့ခြင်းဟာ စိတ်ကျရောဂါ ၊ ဦးနှောက်နှင့်မှတ်ဥာဏ်ပျက်စီးခြင်းဆိုင်ရာပြဿနာတွေနဲ့ဆက်စပ်နေတာကြောင့် ဗီတာမင် B ဓာတ်များများရတဲ့ ကြက်ဥ ဘဲဥ ငုံးဥ စတာတွေများများစားပေးဖို့လိုပါတယ်။

Featured Photo : Healthline