ဂိုးသွင်းယူဖို့ဆိုတာက နောက်ခံကစားသမားတွေရဲ့ မူလတာဝန် မဟုတ်ပေမယ့် အသင်းအတွက် လိုအပ်တဲ့အချိန်မှာ ချေပဂိုးတွေ၊ အနိုင်ဂိုးတွေ သွင်းယူနိုင်မယ်ဆိုရင် အတိုင်းအထက်အလွန် ဖြစ်မှာဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်က အသင်းတိုင်းဟာ ဂိုးတွေပါ မကြာခဏ ရှေ့တက်သွင်းယူနိုင်တဲ့ နောက်ခံကစားသမားမျိုးဆို လိုလိုလားလား ခေါ်ယူချင်ကြပြီး ဗဟိုခံစစ်ကစားသမားတွေဟာ များသောအားဖြင့် တစ်ဦးချင်းရင်ဆိုင်ချိန်နဲ့ လေပေါ်မှာ ဘောလုံးကို ရယူနိုင်စွမ်းက အခြားကစားသမားတွေထက် သာလွန်လေ့ရှိတာဖြစ်ပါတယ်။ အဲဒီစွမ်းရည်တွေက ၎င်းတို့ရဲ့ ကွင်းဘက်ခြမ်းမှာပဲ ပြိုင်ဘက်တိုက်စစ်မှူးတွေကို လွှမ်းမိုးနိုင်စေတာဖြစ်ပြီး ပြိုင်ဘက်ဂိုးဘက်ခြမ်းမှာပါ လွှမ်းမိုးနိုင်သလို ဂိုးတွေပါ သွင်းယူနိုင်တဲ့ လက်ရှိကမ္ဘာပေါ်က နောက်ခံကစားသမား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၅။ မားကို့စ် အလွန်ဆို(ချဲလ်ဆီး)

Marcos Alonso (Chelsea)

Photo: sportskeeda

ချဲလ်ဆီးနောက်ခံကစားသမားဟာ အလွန်ကောင်းမွန်တဲ့ သွင်းဂိုးတွေကို သွင်းယူရတာ စွဲမက်သူဖြစ်ပြီး မကြာသေးမီက အချိန်တွေက အသင်းမှာ မြုပ်နေရာကနေ နည်းပြအပြောင်းအလဲကြောင့် ခြေစွမ်းပိုင်း ပြန်လည်မြင့်တက်လာသူဖြစ်ပါတယ်။ စပိန်နောက်ခံကစားသမားဟာ ဘယ်တောင်ပံတကြောကနေ တိုက်စစ်ကို လိုက်ပါကစားပေးနိုင်သူဖြစ်ပြီး လှပတဲ့ ဖြတ်တင်ဘောတွေနဲ့ တည်ကန်ဘောတွေ ကန်တင်ရာမှာ ထူးချွန်သူဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ စနေနေ့က ပဲလေ့စ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရင်သပ်ရှုမောဖွယ် အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းယူခဲ့ပြီး ချဲလ်ဆီးအတွက် ၁၆၈ ပွဲပါဝင်ကစားခဲ့ရာမှာ ၂၅ ဂိုး သွင်းယူပေးထားသူဖြစ်ပါတယ်။

၄။ မာကွင်ဟို့စ်(ပီအက်စ်ဂျီ)

Marquinhos (Paris Saint-Germain)

Photo: sportskeeda

နည်းစနစ်ပိုင်းမှာ ထူးချွန်လှတဲ့ ဘရာဇီးလ်နောက်ခံကစားသမားဟာ ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသထားသူဖြစ်ပါတယ်။ မာကွင်ဟို့စ်ရဲ့ နေရာစုံကစားနိုင်စွမ်းကြောင့် ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပြီး ဗဟိုခံစစ်မှာ ကျောက်ဆောင်လို ကာကွယ်နိုင်သလို ကွင်းလယ်ဗဟိုမှာလည်း ကစားနိုင်သူဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ရာသီ ပြိုင်ပွဲစုံ ပွဲ ၄၀ ပါဝင်ကစားပေးခဲ့ရာမှာ အသက် ၂၇ နှစ်အရွယ် နောက်ခံကစားသမားဟာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပင်နယ်တီဧရိယာအတွင်း ခေါင်းတိုက်သွင်းယူနိုင်ရုံတင်မကဘဲ တည်ကန်ဘောတွေမှာပါ ခြိမ်းခြောက်နိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

၃။ ဟာကီမီ(ပီအက်စ်ဂျီ)

Achraf Hakimi (Paris Saint-Germain)

Photo: sportskeeda

ဟာကီမီဟာ ကမ္ဘာပေါ်က အကောင်းဆုံး တိုက်စစ် နောက်ခံတောင်ပံကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသထားနိုင်ခဲ့သူဖြစ်ပြီး ရီးရဲလ်ကြယ်ပွင့်ဟောင်းဟာ ဒေါ့မွန်မှာ အလွန်ကောင်းမွန်တဲ့ အငှားကာလကို ပိုင်ဆိုင်ခဲ့ပြီးနောက် အင်တာမီလန်ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ ဟာကီမီဟာ ဂျူဗင်တပ်ရဲ့ ၉ နှစ်ကြာ စီးရီးအေဖလားကို လွှမ်းမိုးထားနိုင်မှုကို အဆုံးသတ်နိုင်ခဲ့တဲ့ အင်တာရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး စီးရီးအေ ၃၇ ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီအသင်းက ယခုနွေရာသီမှာ ယူရိုသန်း ၆၀ နဲ့ အရခေါ်ယူခဲ့ပြီး ဟာကီမီဟာ လီဂူးဝမ်း ရာသီအစ ၂ ပွဲမှာ ၁ ဂိုးသွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

၂။ ရော်ဘင် ဂိုဆင်(အတ္တလန္တာ)

Robin Gosens (Atalanta)

Photo: sportskeeda

ဥရောပမှာ ဖျော်ဖြေမှုအပေးနိုင်ဆုံး စီးရီးအေအသင်းတွေထဲက တစ်သင်းဖြစ်လာစေတဲ့ အတ္တလန္တာအသင်းရဲ့လူစာရင်းထဲက ကစားသမားတွေထဲမှာ တစ်ဦးချင်းစီတိုင်း မယုံကြည်နိုင်ဖွယ် ပါရမီတွေ အများအပြားရှိကြပါတယ်။ အဲဒီကစားသမားတွေထဲကမှ ထင်ရှားတဲ့ကစားသမားကတော့ ဘယ်နောက်ခံကစားသမား ရော်ဘင် ဂိုဆင်ဖြစ်ပြီး လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံးနောက်ခံကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဂိုဆင်ဟာ သိပ်မကြာသေးမီ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း အံ့အားသင့်ဖွယ် ခြေစွမ်း ပြသခဲ့ပြီး သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် နောက်ခံကစားသမားဟာ ၂၀၂၀-၂၀၂၁ စီးရီးအေရာသီမှာလည်း အတ္တလန္တာအသင်းအတွက် ၃၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၁။ ဆာဂျီယို ရာမို့စ်(ပီအက်စ်ဂျီ)

Sergio Ramos (Paris Saint-Germain)

Photo: sportskeeda

စပိန်ဝါရင့်နောက်ခံကစားသမား ဆာဂျီယို ရာမို့စ်ဟာ ၎င်းရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ တစ်ခုလုံးနီးပါးကို ရီးရဲလ်မက်ဒရစ်အသင်းမှာ ကုန်ဆုံးခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ရာမို့စ်လိုမျိုး ဂိုးသွင်းရတာကို စွဲလမ်းတဲ့ နောက်ခံကစားသမားမျိုး များများစားစား မြင်တွေ့ရဖို့ ခဲယဉ်းမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ခရစ္စတီယာနို ရော်နယ်ဒို ရီးရဲလ်ကို စွန့်ခွာသွားပြီးနောက်ပိုင်း ပင်နယ်တီကန်သွင်းဖို့ တာဝန်ကို ရယူခဲ့သူဖြစ်ပါတယ်။ တည်ကန်ဘောတွေမှာလည်း ပြိုင်ဘက်ဂိုးဧရိယာထဲမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ရာမို့စ်ဟာ စီနီယာကလပ်အသင်းကစားသမားဘဝတလျှောက် ၁၀၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီအသင်းမှာလည်း နောက်ထပ် ဂိုးတွေအများကြီး သွင်းယူလိမ့်ဦးမယ်လို့ မျှော်မှန်းရပါတယ်။

Featured Image Source : NewsASAP