ရုပ်ရှင်ချစ်သူတွေကတော့ စနေနေ့ညတွေမျိုးမှာ ကွန်ပျူတာလေးဖြစ်ဖြစ် ဖုန်းလေးဖြစ်ဖြစ် ဖွင့်ပြီး ဇာတ်ကားကောင်းလေးတွေ ခံစားရတာက အရသာပါပဲ။ ရုပ်ရှင်လို့ ပြောလိုက်ရင် ဟောလီဝုဒ်ကိုတော့ ချန်ထားလို့ မရပါဘူး။ ဟောလီဝုဒ်ဆို Romance ၊Drama ၊ Thriller ၊ Documentary ၊ Action စတဲ့စတဲ့ ရုပ်ရှင်အမျိုးအစားတွေ စုံတဲ့အပြင် ဂန္ဓဝင်ရုပ်ရှင်အမျိုးမျိုးနဲ့ ရုပ်ရှင်ချစ်ပရိသတ်ကြီးကို ဖမ်းစားထားတဲ့ လောကကြီးအဖြစ် တင်စားကြပါတယ်။
အထူးသဖြင့် အက်ရှင်ကားတွေနဲ့ ဟောလီဝုဒ်ကို တွဲမြင်ကြပါတယ်။ ဟောလီဝုဒ်ဆို ဆီဗက်စတြာ စတားလုံးကနေ တွမ်ဟာဒီအထိ ခေတ်တွေ နှစ်တွေ ကြာခဲ့ပေမယ့် အခုထိ အက်ရှင်တွေနဲ့ ထင်ရှားနေတုန်းပါပဲ။ ဒီလို ထင်ရှားခဲ့တဲ့ ဟောလီဝုဒ်အက်ရှင်တွေထဲကမှ Top-Rate ပေးခံရတဲ့ အကောင်းဆုံးရုပ်ရှင် ၅ ခု အကြောင်း မျှဝေပေးချင်ပါတယ်။
(၁) The Dark Knight Trilogy

Photo: u-buy
၂၀၀၅ ၊ ၂၀၀၈ နဲ့ ၂၀၁၂ တွေမှာ ထွက်ခဲ့တဲ့ Batman Begins ၊ The Dark Knight နဲ့ The Dark Knight Rises စတဲ့ Dark Knight သုံးကားတွဲလုံးဟာ ခေတ်အဆက်ဆက် အကောင်းဆုံးအက်ရှင်ကားတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးလက်ရာတွေအဖြစ် တင်စားခံရတဲ့ The Dark Knight ရုပ်ရှင်တွေမှာ နာမည်ကျော် ရုပ်ရှင်မင်းသားကြီးတွေ ဖြစ်တဲ့ ခရစ္စရှန်ဘေးလ် ၊ မော်ဂန်ဖရီးမန်း ၊ မိုက်ကယ်ကိန်း ၊ ဂယ်ရီအိုးမန်း နဲ့ စီလီယံ မာဖီစတဲ့ ရုပ်ရှင်သရုပ်ဆောင်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတာပါ။
ဝေဖန်သူတွေက ဒီရုပ်ရှင်တွေဟာ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံး သရုပ်ဆောင်စွမ်းရည်တချို့ကို ပေးစွမ်းနိုင်ပြီး နည်းပညာနဲ့ အက်ရှင်ခန်းတွေကလည်း ထင်ထားတာထက်ကို ပြီးပြည့်စုံ ကောင်းမွန်ခဲ့တယ်လို့ ချီးကျူးထားပါတယ်။
(၂) The Lord of The Rings Trilogy

Photo: The WertZone
ပီတာဂျက်ဆင် ရိုက်ကူးခဲ့တဲ့ ကားတွေထဲမှာ The Lord of The Rings ကားတွေဟာ တကယ့်ဂန္ဓဝင်ပါပဲ။ ဘယ်တော့မှ ရိုးမသွားမယ့် ရုပ်ရှင်တွေထဲမှာ The Lord of The Rings ကို ထည့်ပြောကြပါတယ်။ အလွန်တရာဆန်းကြယ်တဲ့ စိတ်ကူးတွေကို အင်္ဂလန်စာရေးဆရာ J.R.R Tolkien က ဝတ္ထုအဖြစ် ဖန်တီးခဲ့ပြီး ဒီဝတ္ထုတွေကိုမှ The Fellowship of The Ring ၊ The Two Towers နဲ့ The Return of The King စတဲ့ သုံးကားတွဲ Trilogy ကို ၂၀၀၁ ၊ ၂၀၀၂ နဲ့ ၂၀၀၃ တို့မှာ ရုပ်ရှင်အဖြစ် တင်ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရုပ်ရှင်သုံးကားစလုံးမှာ ဇာတ်လမ်းဇာတ်ကွက်နဲ့ သရုပ်ဆောင်အချိတ်ဆက် အားကောင်းညီညွတ်မှု ၊ အပြန်အလှန်စကားပြောခန်းတွေရဲ့ လေးနက်ထိရောက်မှု ၊ ရုပ်ရှင်အတတ်ပညာပိုင်းဆိုင်ရာ ချီးကျူးလောက်တဲ့ ရိုက်ကူးတင်ဆက်မှုတွေအပြင် ရုပ်ရှင်ချစ်ပရိသတ်တွေ ရင်ထဲစွဲထင်စေခဲ့တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ရက်ဖောက်ထားတာပါ။ ဒါကြောင့်ပဲ ရုပ်ရှင်ထူးချွန်ဆုတွေ တသီကြီး ရခဲ့တာလည်း ဖြစ်ပါတယ်။
(၃) Inception

Photo: Onward State
ခရစ္စတိုဖာနိုလန် ရိုက်ကူးပြီး နာမည်ကျော် မင်းသားကြီး လီယိုနာဒို ဒီကာပရီယို ၊ တွမ်ဟာဒီ ၊ စီလီယံမာဖီတို့ သရုပ်ဆောင်ထားတဲ့ Inception ကိုလည်း အကောင်းဆုံးဟောလီဝုဒ်အက်ရှင်ကားတစ်ကားအဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၁၀ မှာ ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒီသိပ္ပံစိတ်ကူးယဉ်ကားဟာ ငွေကြေးအရရော ရုပ်ရှင်အနုပညာပိုင်းအရပါ အကောင်းဆုံးအက်ရှင်ကားစာရင်းဝင်ခဲ့ပါတယ်။
နည်းပညာပိုင်းဆိုင်ရာ အဆင့်အတန်းမြင့်မားမှု ၊ ကမ္ဘာ့အဆင့် ထိပ်တန်းအက်ရှင်ခန်းတွေနဲ့ဇာတ်အိမ်ရဲ့ အားကောင်းမှုတွေအပြင် A-List စာရင်းဝင် သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ထားတာကြောင့်လည်း Inception ကို အကောင်းဆုံးအက်ရှင်ကားတစ်ကားအဖြစ် သတ်မှတ်ထားတာပါ။ ဇာတ်အိမ်ရှုပ်ထွေးလို့ နှစ်ခါပြန် ကြည့်ရဖို့တော့ ရှိပါတယ်။
(၄) The Matrix Trilogy

Photo: ReelRunDown
သိပ္ပံစိတ်ကူးယဉ်အက်ရှင်ထဲမှာ ပေါက်သွားတဲ့ နောက်ထပ်ကားကောင်းတစ်ကားကတော့ Matrix ကားတွေ ဖြစ်ပါတယ်။ မင်းသားကြီး ကီနူးရိဗ်ကို ပိုပြီး ထင်ပေါ်ကျော်ကြားစေတဲ့ ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။ ၁၉၉၉ နဲ့ ၂၀၀၃ ခုနှစ်တွေမှာ The Matrix ၊ The Matrix Reloaded နဲ့ The Matrix Revolutions သုံးကား ထွက်ခဲ့ပြီး ဝင်ငွေအ၇လည်း စံချိန်တင် အောင်မြင်မှုတွေ ရခဲ့ပါတယ်။
သူ့ခေတ်သူ့အခါက ဒီရုပ်ရှင်ဟာ အဆင့်အတန်းအမြင့်ဆုံးရိုက်ချက်တွေ ၊ နည်းပညာပိုင်းဆိုင်ရာ အထူးပြုလုပ် တင်ဆက်မှုနဲ့ ခေတ်ရှေ့ပြေး အနာဂါတ်နည်းပညာတွေကြောင့် လူကြိုက်များခဲ့တာပါ။ အဲ့ဒီတုန်းက နည်းပညာပိုင်းဆိုင်ရာ စိတ်ကူးတင်ဆက်မှုတွေဟာ ချီးကျူးလောက်စရာပါပဲ။ ဒီရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဝါချော့စကီးကိုလည်း ပြောင်မြောက်အောင် တော်တဲ့ ဒါရိုက်တာအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။
(၅) Gladiator

Photo: Empire
၂၀၀၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ ရောမကားတစ်ကားရှိပါတယ်။ ဒါရိုက်တာ ရစ်ဒ်လီစကော့တ် ရိုက်ကူးတင်ဆက်ထားတဲ့ Gladiator ဆိုတဲ့ ကားဖြစ်ပါတယ်။ မင်းသားကြီး ရပ်ဆယ်ခရိုဝီ နဲ့ Joker မင်းသား ဂျက်ကွင်း ဖီးနစ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင်မှာ ရပ်ဆယ်ခရိုဝီက အရာအားလုံးဆုံးရှုံးခဲ့ရသူ ရောမစစ်ဗိုလ်ချုပ်အဖြစ်ကနေ လူသတ်ကွင်းထဲက တိုက်ခိုက်ရေးသမားအဖြစ် သရုပ်ဆောင်ရတာပါ။
ဒီကားဟာ သမိုင်းနောက်ခံ ဟောလီဝုဒ်အက်ရှင်ဒရာမာကားတွေထဲမှာ အကောင်းဆုံးကားတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
Featured Image Photo: The Trendspotter
