အရိုးရှင်းဆုံးက စတိုင်လ်အကျဆုံးဆိုတာ စာဖတ်သူတို့ ကြားဖူးပါသလား။ ဖက်ရှင်ကျဖို့ဆိုပြီး ဆန်းဆန်းပြားပြားဖက်ရှင်တွေ ထွင်ဝတ်စရာမလိုပါဘူး။ မိမိရဲ့ အဝတ်ဘီဒိုထဲမှာရှိတဲ့ အဝတ်အစားတွေကို စတိုင်လ်ကျကျ ဝတ်ဆင်တတ်ဖို့ပဲ လိုတာပါ။

အရိုးရှင်းဆုံးအဝတ်အစားဆိုရင် အရင်ဦးဆုံးသတိရသင့်တာကတော့ တီရှပ်အင်္ကျီတွေပဲဖြစ်ပါတယ်။ အရိုးရှင်းဆုံးအဝတ်အစားဖြစ်ပေမယ့် အသားနားဆုံး ဖက်ရှင်စတိုင်လ်လေးကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါပေမဲ့ အခုဖော်ပြပေးတဲ့ တီရှပ်အမျိုးအစား (၅) မျိုးစလုံးကို လက်ဝယ်ပိုင်ဆိုင်ထားဖို့တော့ လိုပါလိမ့်မယ်။

ဗြောင်တီရှပ်

ရင့်ကျက်သူတို့အတွက် ကာတွန်းရုပ်တွေ၊ စာသားတွေပါတဲ့ တီရှပ်ဝတ်မယ့်အစား ဗြောင်တီရှပ်ဝတ်မယ်ဆိုရင် ခန့်ညားတဲ့အသွင်အပြင်ကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ ဗြောင်တီရှပ်မို့လို့ဆိုပြီး အထင်မသေးလိုက်ပါနဲ့။ စင်မြင့်ထက်မှာ လျှောက်လှမ်းနေတဲ့ မော်ဒယ်ကောင်လေးတွေကြားထဲမှာ ယနေ့ထိတိုင် ရေပန်းစားနေဆဲဖြစ်နေပါသေးတယ်။

လည်ပင်းအပေါက်နားမှာပဲ ကြယ်သီးပါတဲ့ တီရှပ်

ဒီတီရှပ်ကို Henley တီရှပ်လို့ ခေါ်ဝေါ်ကြပါတယ်။ ကော်လံပါတာမျိုးလည်းမဟုတ်သလို ရှပ်အင်္ကျီတွေလိုမျိုး ကြယ်သီးအပြည့်ပါတာလည်း မဟုတ်တော့ ဝတ်ရတဲ့ခံစားချက်က တစ်မျိုးလေး ထူးခြားနေမှာပါ။ Gym ဆော့ထားလို့ ရင်အုပ်ကားကား ကြီးကြီးနဲ့ ဗလတောင့်တဲ့အမျိုးသားတွေ ဝတ်မယ်ဆိုရင် မမတွေ ညီမလေးတွေ အကုန်လုံးက ငေးမောနေကြမှာပါ။

လက်ရှည်တီရှပ်

အသားအရေ နေလောင်မခံချင်သူများအတွက် လက်ရှည်တီရှပ်က အသုံးတည့်မှာပဲဖြစ်ပါတယ်။ တီရှပ်ကို ဘောင်းဘီထဲ ထည့်ဝတ်ထားမယ်ဆိုရင်တော့ စမတ်ကျနေမှာဖြစ်ပြီး အပြင်ထုတ်ထားမယ်ဆိုရင်တော့ လွတ်လပ်ပေါ့ပါးတဲ့ လူငယ်စတိုင်လ်လေး ပိုင်ဆိုင်နိုင်မှာပါ။

ဒီဇိုင်းမျိုးစုံ ရိုက်နှိပ်ထားတဲ့ တီရှပ်များ

ပထမအချက်မှာတုန်းက ရင့်ကျက်တဲ့သူတွေအနေနဲ့ ဗြောင်တီရှပ်ဝတ်ဆင်ပါလို့ ပြောခဲ့တာ မှတ်မိကြဦးမှာပါနော်။ ဒီတစ်ခါမှာတော့ ဆန့်ကျင်ဘက်အနေနဲ့ လူငယ်ဆန်ချင်တယ်ဆိုရင် ဒီဇိုင်းမျိုးစုံပါဝင်တဲ့ တီရှပ်လေးတွေ ဝတ်ဆင်ပါလို့ အကြံပေးချင်ပါတယ်။ ဒီတီရှပ်တွေကတော့ ထသွားထလာအတွက် အဆင်ပြေမှာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ရုံးတက်နေရသူ လုပ်ငန်းခွင် ဝင်ရတဲ့သူတွေအဖို့တော့ ဗြောင်တီရှပ်ကိုပဲ ဦးစားပေး ဝတ်ဆင်သင့်ပါတယ်။ စာသားတွေနဲ့ ရုပ်ပုံတွေပါတဲ့ တီရှပ်က သင့်ကို ကလေးဆန်စေတဲ့ အသွင်ပေါက်စေတာကြောင့် ရုံးလုပ်ငန်းခွင်နဲ့ မသင့်တော်ပါဘူး။

အစင်းကျား တီရှပ်များ

အစင်းကျားတီရှပ်လေးတွေကတော့ အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့တီရှပ်တစ်မျိုးပဲဖြစ်ပါတယ်။ ရုံးတက်တဲ့အခါ စတိုင်လ်ဘောင်းဘီ (သို့) ချီနိုဘောင်းဘီထဲသို့ အင်္ကျီကို ထည့်ဝတ်ထားပြီးနောက် အပေါ်ဝတ်အင်္ကျီလေးပါ ထပ်ဝတ်ပေးလိုက်မယ်ဆိုရင် Formal မကျ Causal မကျနဲ့ တည်ကြည်ခန့်ညားတဲ့အသွင်ကို ပိုင်ဆိုင်နိုင်ပါတယ်။

Source: thetrendspotter.net