ကွီးတို့ရေ….အမျိုးသားအများစုကတော့ ဂျင်းဘောင်းဘီအနက်၊ တီရှပ်အနက်တစ်ထည်လောက်ရှိနေရင် အရာအားလုံးပြည့်စုံကြပါတယ်နော်။ ဘယ်လိုအချိန်မှာ ဘယ်လိုအထည်မျိုးနဲ့ တွဲဝတ်ဝတ် လိုက်ဖက်ညီလွန်းလို့ ပုရိသတိုင်းမှာ အနည်းဆုံး တစ်ထည်စီလောက်ကတော့ ရှိကိုရှိပါတယ်။

ဘောင်းဘီအနက်တွေဝတ်တဲ့အခါ ဘာက ဘယ်လိုလေးလိုက်ပါ့မလားဆိုပြီး ခေါင်းစားနေစရာမလိုဘဲ တီရှပ်အဖြူပြောင်ဖြစ်ဖြစ် အဝါရောင်ဆွယ်တာနဲ့ ဖြစ်ဖြစ် ရိုးရိုးရှင်းရှင်း ဝတ်ဆင်နိုင်ပါတယ်။

အခုပြောပြပေးချင်တာကလည်း အနက်ရောင်ဘောင်းဘီဝတ်တဲ့အခါ သူ့နေရာနဲ့သူ ပိုပြီးကြည့်လို့ကောင်းစေဖို့အတွက် သိထားသင့်တဲ့ ဖက်ရှင်တွဲစပ်ပုံလေးတွေပဲဖြစ်ပါတယ်။

၁။ ဘောင်းဘီအနက် + အဖြူတီရှပ် + အစင်းကြောင်းရှပ်အင်္ကျီ + အဖြူရောင်ရှူးဖိနပ်

ဒီလိုဖက်ရှင်မျိုးက နွေရာသီမှာလည်း ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်မှာဖြစ်ပြီး ကိုယ်က တစ်ထည်တည်းဝတ်တာထက် အလွှာလေးတွေ ထပ်ပြီးဝတ်ရတာကို စိတ်ဝင်စား၊ သဘောကျတယ်ဆိုရင်တော့ အခုလိုလေး ဝတ်ပေးနိုင်ပါတယ်။

၂။ ဘောင်းဘီအနက် + လက်ရှည်အစင်းတီရှပ် + ရှူးဖိနပ်အဖြူများ

အခုဖော်ပြပေးထားတဲ့ ဖက်ရှင်အတွဲအစပ်လေးကတော့ ရိုးရိုးရှင်းရှင်းလေးဆိုပေမယ့် အခြားတစ်ယောက်ရဲ့အမြင်မှာ သေသေသပ်သပ်နဲ့ အထူးကြည့်လို့ကောင်းနေစေမှာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါဖြစ်ဖြစ် ချစ်သူလေးနဲ့ ဒိတ်ထားတဲ့အခါဖြစ်ဖြစ် ပေါ့ပါးလွတ်လပ်စွာ ဝတ်သွားနိုင်မှာဖြစ်ပါတယ်။

၃။ ဘောင်းဘီအနက် + အဖြူတီရှပ် + အသားရောင်ကုတ်အကျီ + ရှူးအဖြူ

ဒီလိုဖက်ရှင်မျိုးက ရန်ကုန်တစ်ဝိုက်ရဲ့ ဆောင်းတွင်းက သိပ်ပြီးမအေးတာကြောင့် ဝတ်လေ့သိပ်မရှိဘူးဆိုပေမယ့် တောင်ကြီး၊ မေမြို့၊ လားရှိုး၊ ချင်းပြည်နယ် စသဖြင့် အအေးဓာတ်လွန်ကဲတဲ့ နေရာဒေသတွေကို ခရီးထွက်မယ်ဆိုရင်တော့ စတိုင်ကျကျ ဝတ်ဆင်နိုင်ပြီပေါ့။

၎။ ဘောင်းဘီအနက် + အဝါဖျော့ဆွယ်တာ + ရှူးအဖြူ

မြန်မာ အမျိုးသားအများစုကတော့ အဝါရောင်နဲ့ ပန်းရောင်တွေကို မိန်းကလေးဆန်လို့ ဆိုပြီး သိပ်ဝတ်လေ့မရှိပေမယ့် တကယ်တမ်းတော့ ဘောင်းဘီအနက်နဲ့ အထူးလိုက်တဲ့ အရောင်တွေဖြစ်ပါတယ်။ ဒါကြောင့် အများထက် ဖက်ရှင်ကျကျ ဝတ်ဆင်ချင်ရင်တော့ အခုလိုအတွဲအစပ်လေးကို စမ်းကြည့်နိုင်ပါတယ်။

၅။ ဘောင်းဘီအနက် + ဆွယ်တာအင်္ကျီအနက် + ကုတ်အင်္ကျီအရှည်အနက် + အနက်ရောင်ရှူးဖိနပ်များ

နံပါတ် သုံးလိုပဲ အခုဖက်ရှင်ဟာဆိုရင်လည်း ရန်ကုန်မြို့တွင်းမှာတော့ ဝတ်လို့အဆင်မပြေနိုင်ပေမယ့် ရာသီဥတု အေးမြတဲ့ နေရာဒေသတွေကို ခရီးသွားတဲ့အခါမှာ ဝတ်မယ်ဆိုရင်တော့ လုံးဝကိုကြည့်လို့ကောင်းနေမှာပါ။

Source: lifestylebyps.com