ပညာရေးနဲ့ ဝါသနာမှာ တစ်ခုကိုပဲ ရွေးရမယ်ဆိုရင် ဘယ်အရာကို ဦးစားပေးရွေးကြမလဲ။ ပညာရေးဟာ ဘဝအတွက်သိပ်ကိုအရေးကြီးတယ်ဆိုပေမယ့် ဝါသနာအပေါ် အရမ်းရူးသွပ်လာတဲ့အခါ ပညာရေးကိုတောင်လက်လွတ်ပြီး ဘဝကိုလောင်းကြေးထပ်လိုက်ကြ သူတွေရှိနေပါတယ်။ သူတို့ကတော့ လက်ရှိအနုပညာလောကမှာ အောင်မြင်မှုကြယ်ပွင့်တွေများစွာပိုင်ဆိုင်ထားကြပြီဖြစ်တဲ့ နာမည်ကြီးအနုပညာရှင်တွေ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ အထက်တန်းကျောင်းတောင် ပြီးဆုံးအောင်မတက်ပဲ အနုပညာလောက ခြေစုံပစ်ဝင်ခဲ့ကြတဲ့ အနုပညာရှင် (၅) ဦးအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) Ryan Gosling

Photo : Men’s Health
The Notebook အချစ်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ လူသိများခဲ့တဲ့ ကနေဒါနိုင်ငံသား မင်းသားချော Ryan Gosling ကတော့ အသက် ၁၇ နှစ်အရွယ်မှာ ကနေဒါရှိ Lester B. Pearson အထက်တန်းကျောင်းကနေ ကျောင်းထွက်ခဲ့ပြီး ဝါသနာပါတဲ့သရုပ်ဆောင်အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ Ryan ဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက Disney ရဲ့ All-New Mickey Mouse Club TV Show မှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
(၂) Leonardo DiCaprio

Photo : Men’s Health
အမေရိကန်သရုပ်ဆောင် အော်စကာဆုရှင်မင်းသားချော Leonardo ဟာ ကယ်လီဖိုးနီးယားပြည်နယ် Los Flezis မှာရှိတဲ့ John Marshall အထက်တန်းကျောင်းမှာ ပညာ သင်ကြားခဲ့ပြီး အထက်တန်းကျောင်း ဂျူနီယာနှစ်မှာပဲ ကျောင်းကထွက်ခဲ့ပါတယ်။ သူရဲ့ အချိန်တွေကို စာသင်ခန်းထဲမှာကုန်ဆုံးရတာထက် သရုပ်ဆောင်လေ့ကျင့်ဖို့ ကုန်ရတာ ပိုကောင်းလို့ Leonardo ကဆိုပါတယ်။
(၃) Jennifer Lawrence

Photo : Men’s Health
အမေရိကန်မင်းသမီးချော Jennifer Lawrence ကတော့ သူမအသက် ၁၄ နှစ်မှာပညာရေးကို အဆုံးသတ်ခဲ့ပြီး အလယ်တန်းကျောင်းမှထွက်ခဲ့ပါတယ်။ သူမမှာ တက္ကသိုလ်ဝင်ခွင့်အသိမှတ်ပြုလက်မှတ်လည်းမရှိသလို ဘာအောင်လက်မှတ်မှလည်း မရှိပါဘူး။ သူမဟာ သူမကိုယ်တိုင်ပဲ လေ့လာဆည်းပူးခဲ့တာပါလို့ အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။
(၄) Rihanna

Photo : Men’s Health
အဆိုတော် Rihanna ဟာ သူမအသက် ၁၆ နှစ်မှာ ကျောင်းထွက်ခဲ့ပြီး Def Jam တေးသံသွင်းကုမ္ပဏီနဲ့စာချုပ်ချုပ်ကာ သီချင်းတွေစတင်သီဆိုခဲ့ပါတယ်။ Rihanna ဟာ ဂီတအပြင် သူမဝါသနာပါတဲ့ဖက်ရှင်နဲ့ အလှအပဆိုင်ရာပစ္စည်းတွေကိုလည်း Fenty Beauty အမည်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ဒါ့အပြင်သူမဟာ လူစိတ်ဝင်စားမှုများစွာရရှိထားတဲ့ luxury ဖက်ရှင်ဆိုင်ကြီးတစ်ဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။
(၅) Johnny Depp

Photo : Men’s Health
ဂျက်စပဲရိုး အဖြစ်လူသိများတဲ့ အမေရိကန်သရုပ်ဆောင် Johnny Depp ကတော့ အသက် ၁၂ နှစ်မှာ ဂစ်တာတစ်လက် လက်ဆောင်ရခဲ့တာကအစပြုပြီး ဂီတကိုစတင်ရူးသွပ်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်မှာတော့ ရော့ခ်စတားတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျောင်းထွက်ခဲ့ပါတယ်။ 1984 ခုနှစ်မှာ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ကို စတင်ရိုက်ကူးခဲ့ပြီး တဖြေးဖြေးအနုပညာ လမ်းကြောင်းပေါ်မှာ ရှမ်းရှမ်းတောက်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
Featured Photo : Oh My Disney
											
				
									
	
	
	
	
	
	