သင့်ရဲ့ ရုံးအလုပ်က သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ တစ်နေ့တာ ရုံးလုပ်ငန်းအချိန်ဇယားတွေက ကျန်းမာရေးနဲ့ မညီရင်‌ပေါ့။ ပျမ်းမျှအားဖြင့် ကျွန်တော်တို့ တစ်သက်တာဘဝရဲ့ ၁၃ နှစ်နဲ့ ၂ လလောက်ဟာ အလုပ်ချိန် ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဘဝရဲ့ သုံးပုံတစ်ပုံဟာ အလုပ်ကိစ္စဖြစ်ခြင်းဟာ သိပ်မထူးခြားဘူးလို့ ထင်ရပေမယ့် နည်းနည်းတော့ ထူးဆန်းနေမှာပါ။ လူ့ဘဝဟာ အလုပ်ပြီး အလုပ်ပဲတဲ့လား လို့လည်း တွေးစရာ ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် လူဖြစ်လာရင်တော့ အလုပ်လုပ်ရမှာပါ။ အလုပ်လုပ်ချိန်မှာလည်း ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်း ဖြတ်သန်းနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ အလုပ်မှာ ကျန်းမာရွှင်လန်းဖို့ အတွက် အထူးတလည်မဟုတ်တဲ့ နည်းလမ်းလွယ်လွယ်လေးတွေ ရှိပါတယ်။

(၁) မတ်တပ်ရပ်ပါ

Photo: ovale

တစ်ချိန်လုံး ကိုယ့်ခုံမှာ ငုတ်တုတ်ကြီး ထိုင်နေရခြင်းဟာ လူကို အလွယ်ကလေး ထိုင်းမှိုင်းလေးလံစေပါတယ်။ ထိုင်ရာက ထရပ်လိုက်တာနဲ့ ရုပ်ပိုင်းနဲ့ ဇီဝဖြစ်စဉ်ပိုင်း တိုးတက်လာသလို စိတ်ပိုင်း ကျန်းမာရေးပါ ပိုကောင်းမွန်လာမှာပါ။

လေ့လာမှုတွေကလည်း ထိုင်ရာကနေ ထပြီး မတ်တပ်ရပ်လိုက်တဲ့ အလေ့အကျင့်ကြေင့် ဝိတ်တက်ခြင်းနဲ့ အဝလွန်ခြင်းကို လျှော့ချနိုင်သလို သွေးတွင်းသကြားဓါတ်လည်း ကျဆင်းစေတယ်လို့ ဆိုပါတယ်။ နှလုံးရောဂါ ၊ နောက်ကျောတတ်ခြင်း အဖြစ်နည်းစေသလို ကိုယ်တွင်းစွမ်းအင် Levels နဲ့ စိတ်ခံစားချက်လည်း တိုးတက်ကောင်းမွန်စေမှာပါ။

(၂) လမ်းလျှောက်ပါ

Photo: Elite Daily

အလုပ်လုပ်ရာကနေ ခဏရပ်ပြီး လမ်းလျှောက်ပေးတာက သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ အလုပ်ခွင်မှာ ဖုန်းပြောမယ်ဆိုရင်လည်း လမ်းလျှောက်ရင်း ပြောတာက စိတ်အာရုံစူးစိုက်မှု ပိုမြင့်လာစေနိုင်ပါတယ်။

(၃) အကြောလျှော့ပါ

Photo: hypescience

လေ့ကျင့်ခန်းအတိုလေးတွေကို တစ်နာရီတစ်ခါလောက် ၁၀ မိနစ်စာ လုပ်လိုက်တာနဲ့ အလုပ်စားပွဲကို ပြန်ရောက်ချိန်မှာ ကိုယ့်စိတ်နဲ့ ခွန်အားက အသစ်ပြန်ဖြစ်သွားစေပါတယ်။ တစ်နေကုန်အလုပ်လုပ်ရသူတွေဟာ မကြာခဏဆိုသလို အကြောလျှော့ပေးခြင်းအားဖြင့် သွေးစီးဆင်းမှုကောင်းမွန်ပြီး စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။

(၄) ရေသောက်ပါ

Photo: waterlogicaustralia

ရေဓါတ်ပြည့်တင်းခြင်းဟာ စိတ်အာရုံစူးစိုက်မှု ပိုကောင်းပြီး သိစိတ်လည်း ပိုထက်သန်လာစေပါတယ်။ ရေဓါတ် လုံလောက်ခြင်းဟာ စိတ်ခံစားမှု မျှတကောင်းမွန်စေပြီး မှတ်သားဉာဏ်လည်း အားကောင်းလာစေနိုင်ပါတယ်။ ရေသောက်ခြင်းဟာ လူကို သိသိသာသာ တက်ကြွလန်းဆန်းစေတာကြောင့်လည်း ရုံးချိန်မှာ ရေဓါတ်ပြည့်အောင် သောက်ပေးဖို့ မမေ့သင့်ပါဘူး။

(၅) လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောပါ

Photo: chicagotribune

ကိုယ့်အလုပ်ကိုပဲ မဲတင်းပြီး လုပ်နေမိရင် ရေရှည်မှာ အလွယ်တကူ စိတ်ပင်ပန်းလာ‌ပါလိမ့်မယ်။ အလုပ်ခွင်မှာလည်း ကိုယ့်ရဲ့ လူမှုဆက်ဆံရေး စွမ်းရည်ကို မြှင့်တင်ပါ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး စကားပြောခြင်းအားဖြင့် လူလည်း ရွှင်ပျ ကြည်လင်လာပြီး အလုပ်ခွင် စိတ်ပျော်ရွှင်မှုလည်း ရရှိမှာ ဖြစ်ပါတယ်။