ဒီတစ်ခါ စခန်းသွင်း လေ့ကျင့်ရမှာက စိတ်ဓါတ်အကောင်းမြင်မှုအကြောင်းပါပဲ။ အကောင်းမြင်စိတ်မွေးဖို့အတွက် ဝိတ်တုံးတွေ ၊ ပြေးစက်တွေ ဘာကိရိယာမှ မလိုပါဘူး။ စိတ်ကိုလေ့ကျင့်ဖို့ ရိုးရှင်းတဲ့ စိတ်လေ့ကျင့်ခန်းတွေပဲ လိုပါတယ်။ ဒီဆောင်းပါးမှာ ၅ ရက်တာ စိတ်ဓါတ်ပြုပြင်ရေးလေ့ကျင့်ခန်းတွေကို မိတ်ဆက်သွားမှာပါ။

(၁) ပထမရက်

Photo: Freepik

အပြုသဘောဆောင်တဲ့ အကောင်းဆုံးလုပ်ဆောင်ချက်ကို လေ့ကျင့်ပါမယ်။ Positive Perfectionism လို့ ဆိုနိုင်ပါတယ်။ ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံးအပိုင်းကို အာရုံစိုက်တာ ဖြစ်ပါတယ်။ ကိုယ်ရရှိပိုင်ဆိုင်ခဲ့တဲ့ ချီးကျူးစရာ လုပ်ဆောင်ချက်တွေကို ပြန်တွေးဖို့ပါ။ အမှားတွေကိုလည်း ချန်မထားပါနဲ့။ ပြန်တွေးပါ။ ဒါပေမယ့် အမှားတွေနဲ့ကျရှုံးမှုကို ပြန်သုံးသပ်ချိန်မှာ ဒီတစ်ခါ ပိုကောင်းအောင် လုပ်မယ်လို့ မှတ်ချက်ချဖို့ မမေ့ပါနဲ့။

(၂) ဒုတိယနေ့

Photo: Freepik

ဒုတိယနေ့ကတော့ အံ့ဩဖွယ်ရာတွေကို အသေးစိတ် ပြန်လေ့လာဖို့ ဖြစ်ပါတယ်။ အကောင်းမြင်တတ်ဖို့ ကိုယ့်ဦးနှောက်ကို လေ့ကျင့်ရာမှာ အရင်ဆုံး လုပ်ရမယ့်အလုပ်က ကိုယ့်လောကကို ပြန် Scan ဖတ်ပြီး ထူးခြားအံ့ဩဖို့ကောင်းတဲ့အချက်တွေ ရှာဖွေဖို့ ဖြစ်ပါတယ်။ တစ်နေ့ချင်းစီထဲက အကောင်းဆုံးအချက် ၅ ချက်ကို ရွေးပြီး မှတ်တမ်းတင်ကြည့်ပါ။ ခေါင်းထဲကို ပို့လိုက်တဲ့ Signal တွေက လူရဲ့ ခံစားချက်ကို လွှမ်းမိုးတဲ့သဘောရှိပါတယ်။ ဒီတော့ ကိုယ့်အတွေးကို ကိုယ့်စိတ်ကြိုက်ပုံဖော်ပါ။

(၃) တတိယနေ့

Photo: Freepik

ကိုယ်လိုချင်တဲ့ ရလဒ်ကို မြင်ယောင်ကြည့်ပါ။ အားကစားသမားတွေလည်း ဒီလျှို့ဝှက်ချက်ကို သုံးကြပါတယ်။ ကြွက်သားကစားတဲ့ အားကစားသမားတွေဟာ သူတို့လိုချင်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကို စိတ်ကူးထဲမှာ အရင် မြင်ယောင်ကြည့်ကြပါတယ်။ အကောင်းမြင် စိတ်လေ့ကျင့်ခန်းအနေနဲ့ တစ်နေ့တာရဲ့အစမှာ ကိုယ်လုပ်ရမယ့် အလုပ်တွေနဲ့ ကြုံလာမယ့် ကိစ္စတွေ စတွေးပါ။ ပြီးရင် ဒီအလုပ်တွေကနေ ဘယ်လို ရလဒ်မျိုး လိုချင်တယ်ဆိုတာ မြင်ယောင်ကြည့်တဲ့ အကျင့် လုပ်ထားပါ။

(၄) စတုတ္ထနေ့

Photo: Freepik

စတုတ္ထနေ့မှာ မမြဲတဲ့သဘောကို စဉ်းစားရမှာပါ။ တရားသဘောဆန်ပေမယ့် အကောင်းမြင်စိတ်မွေးဖို့အတွက် အထက်သန်ဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကိုယ်မပြောင်းလဲနိုင်တဲ့ အရာတွေ ရှိတယ်ဆိုတာ လက်ခံပါ။ ဆုံးရှုံးတာတွေ ကြုံတဲ့အခါ ဒါလည်း ဖြစ်တတ်တာပဲဆိုတဲ့ စိတ်အခံလေးနဲ့ ဖြေတတ်ရင် ပြေပါတယ်။

(၅) ပဉ္စမနေ့

Photo: Freepik

ဒီနေ့မှာတော့ ဝါယာရိမ်းသစ်လဲတဲ့ နေ့လို့ ပြောနိုင်ပါတယ်။ အဆောက်အဦမှာ မီးကြိုးအဟောင်းတွေ ဖယ်ရှားပြီး အသစ်ပြန်လဲဖို့ လုပ်တာမျိုးပါ။ ဦးနှောက်မှာ ပျော်ရွှင်ခြင်း ဝါယာကြိုးသစ်တွေ ပြန်လဲပေးလိုက်ပါ။ ဘယ်လောက် အလုပ်များများ ကိုယ့်စိတ်ကလေး အကောင်းမြင်ဖို့ အချိန်ပေးပါ။ မောကြီးပန်းကြီး လုပ်သမျှအားလုံးက ကိုယ့်စိတ်ခံစားမှုကို ဖျက်ဆီးနိုင်တယ်ဆိုတာ သတိထားပါ။ စိတ်ကို ပျော်ရွှင်ခြင်း ဝိုင်ယာကြိုးသစ်လဲဖို့ အချိန်ပေးလိုက်ပါ။