သင့်ရဲ့ပရော်ဖက်ရှင်နယ်အလုပ်သည် သင့်ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါ။ ဘာ့ကြောင့်လဲဆိုတော့ နေ့တစ်နေ့ရဲ့သုံးပုံတစ်ပုံခန့်ကို အလုပ်လုပ်ခြင်းဖြင့် ကုန်ဆုံးရလို့ပဲဖြစ်ပါတယ်။ မိမိရဲ့လုပ်ငန်းခွင် နယ်ပယ်တစ်ခုမှာ အောင်မြင်ချင်တဲ့ ယောကျာ်းများအတွက် I.Q တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ E.Q သည်လည်း လိုအပ်ပါတယ်။
သင့်ရဲ့I.Q သည် သင့်ရဲ့အလုပ်အင်တာဗျူးမှာ အောင်မြင်အောင် ကူညီပေးမှာဖြစ်ပြီး ထိုအလုပ်မှာ ရေရှည်မြဲဖို့အတွက်ဆိုရင်တော့ E.Q က ကူညီပေးပါတယ်။
ဒါ့အပြင် မိမိရဲ့အလုပ်မှာ တဖြည်းဖြည်း အောင်မြင်လာဖို့အတွက်ဆိုရင်တော့ အခုဆက်လက်ဖော်ပြပေးမယ့် အရည်အချင်းများလည်း လိုအပ်ပါလိမ့်မယ်။
စူးစမ်းလေ့လာလိုစိတ်
သိချင်စိတ်ပြင်းပြခြင်းသည် သင့်ကို အလျင်အမြန်တတ်မြောက်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒီနေရာမှာ စူးစမ်းလေ့လာလိုစိတ်ရှိတာနဲ့ စပ်စုတတ်တဲ့စိတ်နေစိတ်ထားကို ကွဲကွဲပြားပြားသိဖို့ လိုအပ်ပါတယ်။ မိမိအလုပ်နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာများ၊ သူတပါးရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များကိုတော့ မမေးမြန်းမိဖို့လိုပါတယ်။
ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း
လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးမကောင်းဘဲ မျက်နှာထားခပ်တင်းတင်းနဲ့လူမျိုးကို ဘယ်သူကမှ မနှစ်မြို့ကြပါဘူး။ ပေါင်းသင်းဆက်ဆံရေး ကောင်းသူသည် အလုပ်မှာ ပျော်ရွှင်ရပြီး လူအများနှင့်လည်း သဟဇာတဖြစ်ကာ အောင်မြင်မှုကို လျင်လျင်မြန်မြန်ဆွတ်ခူးရရှိနိုင်ပါတယ်။ ကိုယ်ကချည်းပဲ အကြောနဲ့ ဆက်ဆံချင်တဲ့စိတ်ထားကို လုပ်ငန်းခွင် ဝင်တဲ့အခါ ဖျောက်ဖျက်ပစ်ဖို့လိုပါတယ်။
သူတပါးအပေါ် လွှမ်းမိုးမှုရှိခြင်း
သူတပါးအပေါ် လွှမ်းမိုးမှု ရှိခြင်း၊ မရှိခြင်းသည် သင့်ရဲ့အလုပ်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ အသင်းအဖွဲ့နဲ့ အလုပ်လုပ်ရတဲ့အခါ ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကို သူတပါးလက်ခံလာအောင် ရှင်းလင်းပြောပြနိုင်စွမ်းရှိရပါမယ်။ ဒါမှ လူအများကို ဦးဆောင်နိုင်မှာဖြစ်ပြီး ခေါင်းဆောင်နိုင်စွမ်း တိုးတက်လာမှာဖြစ်ပါတယ်။
သတ္တိနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း
မိမိ အမှားလုပ်မိတဲ့အခါမှာလည်း ထိုအမှားအတွက် ဝန်ခံရဲတဲ့သတ္တိ၊ တာဝန်ယူ၊ တာဝန်ခံရဲတဲ့သတ္တိအပြည့်ရှိရပါမယ်။ ထိုသတ္တိရဲ့နောက်မှာတော့ ယုံကြည်မှုက လိုက်ပါလာပါလိမ့်မယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိသူသည် အောင်မြင်မှုကို ကိုယ်တိုင်ကိုယ်ကျဖန်တီးနိုင်ကြပါတယ်။
ကောင်းမွန်တဲ့ရလာဒ်များကို ဖန်တီးနိုင်ခြင်း
သင့်မှာ အရည်အချင်းတွေ ဘယ်လောက်များများရှိနေပါစေ ထိုအရည်အချင်းကို ကောင်းမွန်စွာ အသုံးမချနိုင်ရင်တော့ အလကားပါပဲ။ မိမိရဲ့အရည်အချင်းကို အကျိုးရှိရှိ အသုံးချတတ်ပြီး ရလာဒ်ကောင်းများ ဖန်တီးတတ်ဖို့လိုပါတယ်။ ဒီလိုမျိုး ရလာဒ်ကောင်းတွေ ဖန်တီးတတ်ဖို့ဆိုရင် အသင်းအဖွဲ့နဲ့ လုပ်ဆောင်တတ်ဖို့လည်း လိုပါတယ်။ ကိုယ့်အသင်းသားတွေရဲ့လိုအပ်ချက်တွေကိုလည်း ဝိုင်းဝန်းဖြည့်ဆည်းပါ။ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းလုပ်ကိုင်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့လုပ်ငန်းခွင်မှာ အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ဆွတ်ခူးရရှိသွားပါလိမ့်မယ်။
Source: Theladders.com
Featured Image Source: Netluxury.com