ကိုယ်ပိုင်စီးပွား‌‌ရေးလုပ်တယ်ဆိုတာ သင်ယူစရာသိပ်များတဲ့ ကိစ္စဖြစ်ပါတယ်။ ကိုယ့်အတွေ့အကြုံနဲ့ကိုယ် ကြုံသလို ရင်ဆိုင်ဖြေရှင်းရတာတွေ ရှိသလို တခြားသူတွေရဲ့ အတွေ့အကြုံကနေ သင်ကြားရတာတွေလည်း ရှိပါတယ်။ ဒါကြောင့်ပဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစတင်မယ့်လူတွေအတွက် မဖြစ်မနေ သိသင့်တဲ့အချက်တချို့ကို ပြောပြလိုက်ပါတယ်။

(၁) ကိစ္စတိုင်းက အရေးကြီးတယ်

Plans

Photo: Unsplash

လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် အရာအားလုံးကို ထည့်တွက်ရတာတွေ ရှိလာပါတယ်။ လုပ်ငန်းဖွင့်မယ့်နေရာအကွက်အကွင်း လေ့လာရသလို ကိုယ့်အပေါင်းအသင်းတွေ ဆရာသမားမိဘဆွေမျိုးတွေနဲ့လည်း အကြံယူဆွေးနွေးတိုင်ပင်တာတွေ လုပ်ရပါတယ်။ ကိုယ့်အသိမိတ်ဆွေကွန်ရက်ကို တိုးချဲ့ရင်းနဲ့ အရေးပါတဲ့သတင်းအချက်အလက်တွေ ရှာဖွေဖော်ထုတ်နေရပါတယ်။
ကိုယ်လုပ်ချင်တဲ့အလုပ်မျိုး လက်ရှိလုပ်နေသူတွေနဲ့ တွေ့ဆုံပြီး မေးမြန်းစုံစမ်းတာမျိုး ၊ အကြံဉာဏ်တောင်းတာမျိုး လုပ်ဖို့လည်း လိုပါတယ်။ ကိုယ့်ခေါင်းထဲက စီးပွားရေးအကြံအစည်ကို ပိုကောင်းအောင် အဆင့်မြှင့်တင်ဖို့ လက်တွေ့ Plan တစ်ခု ချတာမျိုးလည်း လုပ်သင့်ပါတယ်။

(၂) လူတော်တွေ အလုပ်ခန့်ပါ

Startup

Photo: Unsplash

အရည်အချင်းရှိတဲ့လူတွေကို အလုပ်ခန့်တာဟာ သင့်အလုပ်အတွက် အဖိုးတန်တဲ့ရင်းနှီးမြှပ်နှံမှုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြုပါ။ သူတို့ရဲ့ အရည်အချင်းကို အစွမ်းကုန်ပွင့်ထွန်းပြီး ကိုယ်နဲ့အကျိုးတူ ပူးပေါင်းချင်စိတ်ရှိအောင် လှုံ့ဆော်ပါ။ ဝန်ထမ်းခန့်မယ်ဆိုရင် ဗဟုသုတနဲ့ ကျွမ်းကျင်မှုသက်သက်ထက် ကိုယ်ရည်ကိုယ်သွေးနဲ့ သဘောထားပေါ် အဓိက ဦးတည်ပြီး အလုပ်ခန့်တာမျိုး လုပ်ပါ။ အလုပ်လုပ်နည်းက သင်ပေးလို့ ရပါတယ်။ ကျင့်ဝတ်နဲ့ စံတန်ဖိုးတွေက တစ်ဦးချင်းရဲ့ ပင်ကိုယ်အရည်အသွေးတွေဖြစ်ပါတယ်။

(၃) ထိပ်ဆုံးအထိ ရည်မှန်းချက်ထားပါ

Business Plan

Photo: Unsplash

တော်ရုံပေါ့ဆိုတာလောက်နဲ့ သင့်လုပ်ငန်းမျှော်မှန်းချက်တွေ သတ်မပစ်ပါနဲ့ ။ သင့်နယ်ပယ်မှာ အမြင့်ဆုံးအထိ ရောက်အောင် ရည်မှန်းချက်ထားပါ။ ဆုံးရှုံးမှုဆိုတာ ‌ရှောင်လွှဲလို့ မရတဲ့ ဖြစ်ရပ်တစ်ခုပါ။ လုပ်ငန်းတစ်ခု ကိုယ်ပိုင်စတင်ရာမှာ အရှုံးတွေနဲ့ ခဏခဏ ကြုံနိုင်ပါတယ်။ လက်မလျှော့ စိတ်မပျက်ဘဲ အမြင့်ဆုံးရည်မှန်းချက်အတိုင်း ဖြစ်အောင် သွားမယ်လို့ သံဓိဌာန်ထားပြီး မှားနေရင် အစီအစဉ်ပြင်ပြီး ဆက်လျှောက်ဖို့ တိုက်တွန်းချင်ပါတယ်။

(၄) ဆန်းသစ်တီထွင်မှုဆိုတာ အဆုံးမရှိတဲ့အရာ

Change

Photo: Unsplash

သမရိုးကျချည်းပဲ ဆက်သွားလို့ မဖြစ်ဘူးဆိုတာ သိထားပါ။ အမိုက်စားထုတ်ကုန်သစ်တစ်မျိုးကြောင့် သင့်လုပ်ငန်း ဟုန်းခနဲ နာမည်ကြီးသွားနိုင်ပါတယ်။ ဒါပေမယ့် လုပ်ငန်းရဲ့ အဟုန်ကို ဆက်ထိန်းဖို့ဆို တီထွင်ဆန်းသစ်မှုမရှိလို့ မဖြစ်ပါဘူး။ Innovative ဖြစ်ဖို့ အပြင်ထွက်လေ့လာမှုတွေ လုပ်တာ ၊ စာအုပ်တွေကနေ Inspire ယူတာအပြင် ခရီးတွေ ဘာတွေထွက်ရင်းကနေပါ သင့်စိတ်ကို နှိုးဆွနိုင်တဲ့ အရာတွေကို ရှာဖွေဖို့ လိုပါတယ်။

(၅) စေတနာထားပါ

Sale

Photo: Unsplash

စေတနာမှန်ရင် ကံကောင်းတယ်ဆိုတဲ့ မြန်မာစကားရှိပါတယ်။ ဒီစကားက ကမ္ဘာ့စီးပွားရေးမှာလည်း မှန်ကန်အသုံးတည့်တဲ့ စကားပါပဲ။ ဘယ်စီးပွား‌ရေးမဆို ကိုယ့်ဖောက်သည်ရဲ့ အကျိုးစီးပွားကို တကယ်စေတနာနဲ့ ရှေးရှုမှု မရှိရင် ရေရှည်အောင်မြင်ဖို့ မလွယ်ပါဘူး။ စေတနာထားပြီး ဝန်ဆောင်မှုပေးတယ်ဆိုတာ အလေးထားမှု ၊ ယုံကြည်ခြင်းနဲ့ အကောင်းမြင်မှုတွေပါ ဖြန့်ဖြူးနေတာ ဖြစ်လို့ သင့်ဖောက်သည်က သင့်ရဲ့ ဝန်ဆောင်မှုကတစ်ဆင့် သင့်ကို ယုံကြည်လေးစားပြီး အကောင်းမြင်မှုတွေ ပြန်ပေးမှာ အမှန်ပါပဲ။ ဒိလို လုပ်ငန်းမှလည်း ချမ်းသာအောင်မြင် အဆင်ပြေတာ ဖြစ်ပါတယ်။

Featured Photo: Entrepreneur