ခန္ဓာကိုယ်မှာရှိတဲ့အဆီပိုတွေကို လျော့ချတဲ့နေရာမှာ ချရအခက်ဆုံးကတော့ ဝမ်းဗိုက်က အဆီပိုတွေပဲဖြစ်ပါတယ်။ ထိုအဆီပိုများကို ဖယ်ရှားဖို့အတွက် လေ့ကျင့်ခန်းများကို ပြုလုပ်ပုံနည်းစနစ်မှန်ကန်အောင် လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ ဒါမှ မိမိလိုချင်တဲ့ရလဒ်ရရှိမှာပဲဖြစ်ပါတယ်။

ထိရောက်တဲ့လေ့ကျင့်ခန်းတွေက ဘယ်လေ့ကျင့်ခန်းတွေလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

လေ့ကျင့်ခန်း (၁)

Source: bodybuilding-wizard.com

လေ့ကျင့်ခန်းပြုလုပ်တဲ့ဖျာပေါ်မှာ လှဲနေပြီး ခြေထောက်နှစ်ဖက်ကို ထောင်မတ်ထားပါ။ လက်ဖဝါးကို ဦးခေါင်းနောက်မှာထားပြီး ဗိုက်ကြွက်သားကို အသုံးပြုကာ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွပေးလိုက်ရပါမယ်။ ခေါင်းနဲ့ လည်ပင်းကြွက်သားကို လုံးဝအသုံးမပြုပါနဲ့။ လည်ပင်းနာတတ်ပြီး ဝမ်းဗိုက်အဆီပိုတွေလည်း ကျမှာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အပေါ်ကြွတဲ့အချိန်မှာ အသက်ရှုထုတ်ပြီး ထိုအနေအထားအတိုင်း ၅ စက္ကန့်ကနေ ၁၀ စက္ကန့်အထိ နေပေးလိုက်ပါ။ ခန္ဓာကိုယ်ပြန်ချတဲ့အချိန်မှာလည်း ဖြည်းညှင်းစွာ ပြန်ချပေးလိုက်ပါ။ ၁၅ ကြိမ် ၃ ကြော့ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၂)

Source: builtlean.com

ပုံစံ ၁ က အနေအထားအတိုင်း ဒူးခေါင်းအပေါ်မြှောက်ထားပြီး လက်ကို ခေါင်းပေါ်မှာ ဆန့်တန်းထားလိုက်ပါ။ ထိုဆန့်တန်းထားတဲ့လက်ကို အပေါ်မြှောက်ပြီး ဒူးခေါင်းဆီရွေ့လိုက်ပါ။ စောစောကလိုပဲ ဝမ်းဗိုက်ကြွက်သားအား အသုံးပြုရပါမယ်။

လေ့ကျင့်ခန်း (၃)

Source: builtlean.com

လက်ဖဝါးကို ဦးခေါင်းနောက်မှာထားပြီး လှဲလျောင်းနေပါ။ ဘယ်ဒူးကို အပေါ်မြှောက်တင်တဲ့အချိန်မှာ ညာတံတောင်ဆစ်ကို အပေါ်ကြွပြီး ဒူးနဲ့ထိကပ်လိုက်ပါ။ ဘယ်ညာတစ်လှည့်စီကို တစ်ကြိမ်မှတ်ပြီး ၁၅ ကြိမ် ၃ ကြော့ ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၄)

Source: builtlean.com

ဒီတစ်ခါမှာတော့ ခြေထောက်နှစ်ဖက်ကို လေထဲမှာ မြှောက်ထားပေးပြီး ဒူးခေါင်းကို ရင်ဘတ်ဆီသို့ ကွေးပြီး စက်ဘီးနင်းသလို ဘယ်ဒူး၊ ညာဒူး တစ်လှည့်စီလုပ်ရပါမယ်။ စောစောကလိုပဲ ဘယ်ဒူးကို ညာတစ်တောင်ဆစ်နဲ့ ထိကပ်ပေးလိုက်ပါ။ ဘယ်ညာတစ်လှည့်စီပြုလုပ်ပေးပါ။ ၁၅ ကြိမ် ၃ ကြော့ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

Source: builtlean.com

လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးဘက်မှာချထားပြီး ခြေထောက်နှစ်ဖက်ကို လေပေါ်မြှောက်ထားပေးပါ။ ထိုခြေထောက်ကို ရင်ဘတ်ဆီသို့ ဆွဲလိုက်ပြီး မျက်နှာကျက်ဆီသို့ ခြေထောက်နှစ်ဖက်ကို ပစ်တင်တဲ့ပုံစံ ပြုလုပ်ပေးရပါမယ်။ ထို့နောက် ခြေထောက်ပြန်ချပြီး မူလအနေအထားအတိုင်း ပြန်လုပ်ပါ။ ၁၅ ကြိမ် ၃ ကြော့ (သို့) ၄ ကြော့ ပြုလုပ်နိုင်ပါတယ်။