ကျွန်တော်တို့အားလုံးဟာ နေ့တိုင်း အချိန်တိုင်းလိုလို အရေပြားနဲ့ အဝတ်အစားထိတွေ့နေကြတာပါ။ ကိုယ်နဲ့ ထိတွေ့မိတဲ့ အဝတ်အထည်တွေ ၊ စောင်တွေ ၊ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ပြန်သတိထားကြည့်ပါ။ ဘယ်လို ချည်အမျိုးအစားနဲ့ ထုတ်လုပ်ထားတာလဲ။ လူ့အရေပြားကျန်းမာရေးနဲ့ရော ကိုက်ညီရဲ့လားလို့။

မှန်ကန်တဲ့ ချည်သားတွေဟာ သင့်ရဲ့ အသားအရေနဲ့ ဆံပင် ကျန်းမာသန်စွမ်းဖို့ အများကြီး အထောက်အကူပြုပါတယ်။ ကိုယ်ဝတ်မယ့်အဝတ်အစားကို ဒီဇိုင်းနဲ့ Brand လောက်ပဲ ကြည့်ဝယ်ခဲ့ပြီး ချည်သားက ဘယ်အမျိုးအစားနဲ့ ရက်လုပ်ထားသလဲ မကြည့်ဘဲ ဝတ်မိရင် ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဒီတော့ လူနဲ့အတည့်ဆုံး ချည်အမျိုးအစားတွေအကြောင်း ပြောပြပေးလိုက်ပါတယ်။

(၁) အော်ဂဲနစ်ဝါချည်

organic cotton

Photo: Unsplash

အော်ဂဲနစ်ဝါဟာ သဘာဝပတ်ဝန်းကျင်နဲ့အလိုက်ဖက်ဆုံး ချည်သားထဲမှာ ပါပါတယ်။ ချည်သားစစ်စစ်နဲ့ ရက်လုပ်ထားတဲ့ အဝတ်အစားတွေကို ဝတ်ရတာဟာ လေဝင်လေထွက်ကောင်းလို့ နွေဘက်တွေမှာ ချွေးထွက်လို့လည်း လူ့အသားအရေကို ယားယံတာမျိုး မဖြစ်စေပါဘူး။ ဆောင်းတွင်းမှာဆိုလည်း သက်တောင့်သက်သာနဲ့ နွေးနွေးထွေးထွေးရှိစေပါတယ်။ အော်ဂဲနစ်ဝါချည်တွေဟာ သဘာဝချည်သားတွေ ဖြစ်တဲ့အပြင် လူ့အရေပြားကိုလည်း ဓါတ်မတည့်တာ ၊ ယားယံတာမျိုးကို ရာနှုန်းပြည့်မဖြစ်အောင် တားဆီးပေးပါတယ်။

(၂) လီနင်

Linen

Photo: Unsplash

လီနင်တွေကလည်း ရာသီဥတုပူပြီး ချွေးထွက်တဲ့အချိန်မျိုးမှာ လူ့အသားအရေကို အေးမြစေတဲ့ ချည်တစ်မျိုးဖြစ်ပါတယ်။ လီနင်သားက စိုထိန်းဆရဲ့ ၂၀% အထိ စုပ်ယူနိုင်ပါတယ်။ လီနင်သားဟာ ကိုယ်အပူချိန်ကို ထိန်းညှိနိုင်တဲ့အပြင် လူ့အရေပြားနဲ့ ဓါတ်မတည့်တာနဲ့ ဘက်တီးရီးယားကပ်တွယ်တာမျိုးလည်း မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ Sensitive Skin သမားတွေအတွက် လီနင်ဟာ အကောင်းဆုံးချည်လို့ ပြောချင်ပါတယ်။

(၃) ပိုး

Silk Fabric

Photo: Unsplash

ပိုးထည်တွေက ဈေးကြီးပါတယ်။ ဒါပေမယ့် အကျိုးကျေးဇူးလည်း များပါတယ်။ ပိုးသားရဲ့ ပရိုတိန်းတည်ဆောက်ပုံကြောင့် အေးမြပြီး လူ့အရေပြားနဲ့ ဓါတ်မတည့်တာမျိုးလည်း မဖြစ်စေပါဘူး။ ပိုးသားခေါင်းအုံးစွပ်တွေဟာ ဆံသားနဲ့ အရေပြား ပြန်လည်သန်စွမ်းစေပြီး ရင့်ရော်အိုမင်းမှုကို တိုက်ဖျက်နိုင်တယ်လို့လည်း ဆိုပါတယ်။ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအတွက် ပိုးနဲ့ ထုတ်ထားတဲ့ အဝတ်အစားတွေ ဝတ်ပေးသင့်ပါတယ်။ ပိုးသားမှာ ပါတဲ့ ပရိုတိန်းက အသားအရေကို နုပျိုစိုဝင်းလာစေပါတယ်။

(၄) Viscose စပန့်

T-shirt hanging on a rack

Photo: Unsplash

Viscose စပန့်ချည်သားတွေဟာ သဘာဝက ရတဲ့ချည်မဟုတ်ပါဘူး။ လူလုပ်ချည်ဆိုပေမယ့် နူးညံ့ပြီး အရေပြား ယားယံထိခိုက်လွယ်သူတွေ ဝတ်သင့်တဲ့ချည်တစ်မျိုး ဖြစ်ပါတယ်။ ဒီချည်အမျိုးအစားက ဈေးချိုပါတယ်။ များသောအားဖြင့် Viscose ချည်သားတွေကို ယောင်္ကျားဝတ်တီရှပ်တွေမှာ အတွေ့များပါတယ်။

(၅) ဂုန်လျှော်

Hemp

Photo: Unsplash

ဂုန်လျှော်ပင်ကို ရှေးကတည်းက လူတွေဟာ နည်းမျိုးစုံနဲ့ အသုံးပြုလာခဲ့ကြတာပါ။ ဂုန်လျှော်ချည်ဟာ ရေစုပ်နိုင်ပြီး နေပူဒဏ်ကနေ အသားအရေကို ကာကွယ်ပေးနိုင်စွမ်းလည်း ရှိပါတယ်။ ရေလျှော်ရလွယ်သလို ရေလျှော်ပြီးတိုင်းလည်း ဝတ်လို့ ပိုကောင်းပြီး သက်တောင့်သက်သာ ပိုရှိလာပါတယ်။ တာရှည်အသုံးခံပြီး လူက ထွက်တဲ့ ချွေးနံ့တွေကိုလည်း စုပ်ယူနိုင်စွမ်းရှိပါတယ်။