လူတိုင်း လူတိုင်းက ဘဝမှာ မတူညီတဲ့အခက်အခဲမျိုးစုံကို ရင်ဆိုင်ဖြေရှင်းနေကြရတဲ့သူတွေချည်းပါပဲ။ အတားအဆီးအခက်အခဲများနဲ့ ရင်ဆိုင်ရတဲ့အခါ လက်မလျော့ဘဲ ကျော်လွှားနိုင်မှသာလျှင် အောင်မြင်ရတဲ့သူတစ်ယောက်ဖြစ်လာမှာပါ။
သင့်ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရလို့ လက်မြောက်အရှုံးပေးချင်စိတ် ပေါ်လာတဲ့အခါ ဒီလူပုဂ္ဂိုလ်များကို သတိရလိုက်ပါ။ ဒီလူတွေသည် အကြိမ် ၁၀၀ လောက် လဲကျသွားလည်း ၁၀၁ ကြိမ်မြောက် ပြန်လည်ကြိုးစားကာ အောင်မြင်သွားကြသူတွေဖြစ်ပါတယ်။
Albert Einstein

Photo Source: Biography.com
အိုင်းစတိုင်းသည် အသက် (၃) နှစ်အရွယ်အထိ စကားမပြောတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူသည် အင်မတန်တွေးပြီး မေးခွန်းတွေလည်း အရမ်းမေးတဲ့အတွက်ကြောင့် သူ့ဆရာ၊ ဆရာမတွေက သူ့ကို ဉာဏ်ထိုင်းတယ်၊ ပျင်းရိတယ်လို့ သတ်မှတ်ခဲ့ကြတာပါ။ အိုင်းစတိုင်းသည် အဆိုးမြင်စိတ်ဖြင့် ဝေဖန်မှုတွေကို ကျော်လွှားပြီး သီအိုရီမျိုးစုံကို ထုတ်ဖော်နိုင်ခဲ့တဲ့ ကမ္ဘာကျော်ရူပဗေဒပညာရှင်ကြီးဖြစ်လာခဲ့ပါတယ်။
Vincent Van Gogh

ကမ္ဘာကျော်အောင်မြင်နေတဲ့ ပန်းချီဆရာကြီးတစ်ယောက်သည် သူအသက်ရှင်စဉ်တုန်းက ပန်းချီကာတစ်ချပ်သာ ရောင်းချခဲ့ရတယ်ဆိုရင် သင် အံ့သြသွားပါလိမ့်မယ်။ သူသည် ပန်းချီကားပေါင်း ၉၀၀ ကျော်ကို ဖန်တီးခဲ့ပေမယ့် သူအသက်ရှင်နေစဉ်မှာတော့ “Red Vineyar at Arles” ဆိုတဲ့ ပန်းချီကားတစ်ချပ်သာ ရောင်းခဲ့ရပါတယ်။ သူ့ရဲ့ပန်းချီလက်ရာတွေထဲကမှ အကျော်ကြားဆုံးနဲ့ လူကြိုက်အများဆုံးကတော့ “The Starry Night” ၊ “Café Terrace at Night” နဲ့ “The Potato Eaters” တို့ပဲဖြစ်ပါတယ်။
Jim Carrey

Photo Source: Imdb.com
Jim Carrey တစ်ယောက် အသက် ၁၅ နှစ်အရွယ်မှာ သူ့မိသားစုကို ထောက်ပံ့ဖို့ရန်အတွက် ကျောင်းထွက်ခဲ့ရပြီး နောက်ပိုင်းတွင် စီးပွားရေးမပြေလည်တဲ့အတွက်ကြောင့် သူတို့မိသားစုသည် Van ကားတစ်စီးပေါ်မှာ နေထိုင်ခဲ့ကြရတာပါ။ ဘယ်လောက်ပဲ အခက်အခဲနဲ့ ကြုံကြုံ Jim Carrey တစ်ယောက် အရှုံးမပေးခဲ့ဘဲ လူရွှင်တော်တစ်ယောက်ဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ကို မရ ရအောင် အကောင်အထည်ဖော်ခဲ့ရပါတယ်။ ရလာဒ်ကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ခြင်းပဲဖြစ်ပါတယ်။
Thomas Edison

Photo Source: Pinterest.com
မီးလုံးလေးတစ်လုံး ရရှိဖို့ရန်အတွက် သောမတ်အယ်ဒီဆင်တစ်ယောက် အကြိမ်တစ်ထောင်နှင့် အကြိမ်တစ်သောင်းအကြား ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တစ်စုံတစ်ခုကိုပဲ မရ ရအောင် ကြိုးစားရင်း အကြိမ်တစ်သောင်းအထိ ရှုံးနိမ့်မှုကို စိတ်ကူးယဉ်ကြည့်လိုက်ပါ။ သင်သာ သူ့နေရာမှာဆိုရင် ဘာလုပ်မလဲ။
သောမတ်အယ်ဒီဆင်ကတော့ အရှုံးမပေးဘဲ ဆုံးခန်းတိုင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ကျေးဇူးကြောင့်ပဲ ယနေ့ခေတ်တွင် ညဘက်အချိန်မှာ မီးလင်းထိန်နေရခြင်းဖြစ်ပါတယ်။
Stephen King

Photo Source: Audible.com
သူ့ရဲ့ပထမဦးဆုံး ဝတ္ထုကို ထုတ်လုပ်ဖြန့်ချိရေးကုမ္ပဏီ (၃၀) ခန့်က ငြင်းဆိုခဲ့ကြတာပါ။ Stephen တစ်ယောက် စိတ်အရမ်းပျက်သွားပြီး သူ့ရဲ့ဝတ္ထုကို အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့ပါတယ်။ နောက်မှ သူ့မိန်းမက ရှာတွေ့သွားပြီး သူ့ကို အားပေးစကားပြောကာ အပြီးထိဆက်ရေးဖို့ တိုက်တွန်းခဲ့တာပါ။ အခုဆိုရင် ထိုစာအုပ်သည် အုပ်ရေ သန်း ၃၅၀ ကျော် ရောင်းချပြီးခဲ့ပါပြီ။ အခုဆိုရင် Stephen King သည် အောင်မြင်ကျော်ကြားတဲ့ ဂန္တဝင် ဝတ္ထုရေးဆရာတစ်ယောက်ဖြစ်လာခဲ့ပါပြီ။
သူ့ဆီကနေ ကျွန်တော်တို့ သင်ယူနိုင်ခဲ့တဲ့အရာကတော့ တစ်ခါတစ်လေမှာ ကျွန်တော်တို့က အားပေးမှုနည်းနည်းလေးကိုသာ လိုအပ်တာပါ။ ထိုအားပေးမှုဖြင့် အခက်အခဲမျိုးစုံကို ကျော်လွှားနိုင်တဲ့သတ္တိမျိုး ပေါ်ပေါက်လာခဲ့ကြတာပါပဲ။
Source: Familius.com
