အမှတ်တံဆိပ်တိုင်းရဲ့ နောက်ကွယ်မှာ ဇာတ်လမ်းတစ်ပုဒ်စီ ရှိတတ်ပါတယ်။ ယမကာလိုမျိုး ဆန်းပြားယစ်မူးစေတတ်တဲ့ ထုတ်ကုန်တွေမှာလည်း ဇာတ်လမ်းလေးတွေ ရှိတတ်ကြတာပါပဲ။ ဒီတစ်ခေါက်မှာ နာမည်ကြီး Liquor Brand ၅ မျိုးရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်လေးတွေ ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။

(၁) Bacardi

Photo: liquor

ကုမ္ပဏီတည်ထောင်သူ ဒွန်ဖာကွန်ဒို ဘာကာဒီမော့ဆိုရဲ့ဇနီး ဒိုနာ အမ်မယ်လီယာဟာ မိသားစုအရက်ပေါင်းခံတဲ့ ပေါင်းအိုးထဲ သစ်သီးစား လင်းနို့တွေကျနေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကို ကံကောင်းတဲ့လက္ခဏာအဖြစ်ယူဆပြီး မိသားစုကုမ္ပဏီရဲ့သင်္ကေတအဖြစ် Logo မှာ လင်းနို့ပုံလေးနဲ့ လာတာပါ။ တိုက်ဆိုင်မှုလို့ ဆိုရမလား မပြောတတ်ပေမယ့် နာမည်ကျော် စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး အပါအဝင် ထိပ်ထိပ်ကြဲတွေ ညွှန်းခဲ့တဲ့ ယမကာကောင်းအဖြစ်ပါ ကမ္ဘာကျော်ခဲ့ပါတယ်။

(၂) Dewar’s

Photo: liquor

စကော့ဝီစကီထဲမှာ Dewar’s လည်း နာမည်ကြီးပါတယ်။ Dewar’s ကို Bacardi ကပဲ ပိုင်တာပါ။ ကမ္ဘာပေါ်မှာ ဆုအများဆုံး ရတဲ့ Blended စကော့ဝီစကီ ဖြစ်ပါတယ်။ ဒီ brand ကို ဂျွန်ဒီဝါးက ၁၈၄၆ ခုနှစ်မှာ ဖန်တီးခဲ့တာပါ။ စကော့အမေရိကန်စက်မှုလုပ်ငန်းရှင်ကြီး အန်ဒရူးကာနက်ဂျီဟာ အမေရိကန်သမ္မတ ဂျိမ်းစ်ဂါဖီးရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာ အိမ်ဖြူတော်ကို Dewar’s စကော့စည်ငယ်တစ်လုံး ပေးခဲ့ဖူးပါတယ်။

(၃) Hennessy

Photo: liquor

၁၇၆၅ ခုနှစ်က တည်ထောင်ခဲ့တဲ့ Hennessy ကို ကမ္ဘာ့အကြီးဆုံး ကော့ညက်ထုတ်လုပ်သူအဖြစ် သတ်မှတ်ထားပါတယ်။ ဒီပြင်သစ်ကုမ္ပဏီဟာ တစ်နှစ်ကို ပုလင်းအလုံးရေ သန်း ၅၀ ကျော် ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပြီး နာမည်ကျော် ဆယ်လီများ ၊ ဂီတသမား ၊ ပရော်ဖက်ရှင်နယ် အားကစားသမားအပြင် အာဏာရှင်တွေပါ အကြိုက်တွေ့ကြတဲ့ အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။ ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်မ်ဂျွန်အီလ်ဟာ တစ်နှစ်ကို Hennessy ပုလင်းအတွက် ဒေါ်လာ ၈ သိန်းအထိ ငွေကုန်ကြေးကျခံတယ်လို့ ဆိုပါတယ်။

(၄) Jack Daniel’s

Photo: liquor

ဒီဝီစကီကိုတော့ ကမ္ဘာပေါ်မှာ လူသိအများဆုံး ယမကာတစ်မျိုးလို့တောင် ပြောနိုင်ပါတယ်။နာမည်ကျော် တင်နက်ဆီ ယမကာထုတ်လုပ်သူဆီက ဝီစကီကို စည်လိုက်ပါ မှာလို့ ရတယ်ဆိုတဲ့အချက်ကိုတော့ လူသိနည်းကြပါတယ်။ စည်တစ်လုံးမှာ 750ml ဝီစကီပုလင်းပေါင်း ၂၅၂ လုံးခန့် ထွက်ပါတယ်။ အခွန်နဲ့ စည်အလိုက် ပါဝင်မှုအရဆိုရင် ဒေါ်လာ ၁ သောင်းကနေ ၁ သောင်း ၂ ထောင်အကြား ရှိပါတယ်။ Jack Daniel’s ကို စည်လိုက်အများဆုံး ဝယ်တာက အမေရိကန်စစ်တပ်ဖြစ်ပါတယ်။

(၅) Smirnoff

Photo: liquor

Smirnoff ဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဗော်ဒ်ကာတွေထဲက တစ်ခုဖြစ်ပါတယ်။ ရုရှားထုတ်ဖြစ်ပြီး ၁၈၆၀ ပြည့်လွန်နှစ်တွေကတည်းက စတင်ထုတ်လုပ်ခဲ့တာပါ။ အမေရိကန်ကုမ္ပဏီတစ်ခု လက်ထဲ ၁၉၃၉ မှာ ရောက်ခဲ့ပေမယ့် အမေရိကန်မှာ အကြိုက်များတာက ဗော့ဒ်ကာမဟုတ်ဘဲ ဝီစကီဖြစ်ပါတယ်။ ဒါကြောင့် Smirnoff ဟာ ကြော်ငြာဘက်မှာ လှည့်ကွက်တစ်ခု လုပ်ခဲ့ပါတယ်။

အဲ့ဒါကတော့ Smirnoff ကို အနံ့/အရသာမရှိတဲ့ White Whiskey တစ်ခုအဖြစ် တံဆိပ်တပ်ရောင်းချလိုက်တာ ဖြစ်ပါတယ်။ မားကတ်တင်း ပေါက်သွားပြီးနောက် အနံ့မထွက်ဘဲ အရက်သောက်ချင်တဲ့ အမေရိကန်ဝီစကီသမားတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။