Hip-Hop ဂီတလောကဟာ ဖက်ရှင်နဲ့ လူနေမှုပုံစံကိုပါ ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့ Music အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ အစောပိုင်း Hip-Hop အဆိုတော်တွေ ဝတ်တဲ့အဝတ်အစားဟာ ဒီနေ့ခေတ်မှာ ပုံစံပြောင်းလာပြီ ဖြစ်သလို သူတို့ဝတ်ဆင်လေ့ရှိတဲ့ ဖက်ရှင်အမှတ်တံဆိပ်တွေလည်း သီးသီးသန့်သန့် ရှိလာပါတယ်။ အခုတစ်ခေါက်မှာ Hip-Hop လောကမှာ ထင်ရှားကျော်ကြားတဲ့ ဖက်ရှင်တွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Adidas

Adidas

Photo: Next Luxury

ဈေးသက်သာပြီး ဆွဲဆောင်မှုရှိတာကြောင့် Adidas တံဆိပ်ဖက်ရှင်တွေကို အားကစားသမားကနေ လူငယ်လူလတ်တန်းတွေအထိ ဝတ်ဆင်နေကြပါတယ်။ Rappers တွေနဲ့ Hip-Hop အနုပညာရှင်တွေလည်း Adidas ဝတ်လာတာ နှစ်ပေါင်းအတော်ကြာပြီလို့ ပြောနိုင်ပါတယ်။ Run-DMC ဆိုရင် Adidas ကို အမြဲဝတ်တဲ့ Rapper အဖွဲ့တွေထဲကတစ်ဖွဲ့ ဖြစ်ပြီး ဖိနပ်ကနေ Tracksuit အထိ ၈၀ ပြည့်နှစ်တွေကတည်းက ဝတ်ခဲ့တာပါ။ ဘီရွန်းဆေးကနေ ကင်ညေးဝက်စ်အထိလည်း Adidas ကို ပုံစံအမျိုးမျိုးနဲ့ ဝတ်ဆင်လေ့ရှိပါတယ်။

(၂) Kangol

Kangol

Photo: Next Luxury

ထူးခြားကွဲလွဲတဲ့ ပုံစံကြောင့် Kangol Bucket ဦးထုပ်တွေကို Rapper တွေ အကြိုက်တွေ့ကြပါတယ်။ Kangol က ကျောပိုးအိတ် ၊ ရိုးရိုးအိတ်နဲ့ ပုံမှန်အဝတ်အစားတွေအိ ရောင်းတယ်ဆိုပေမယ့် သူတို့ရဲ့ Bucket ဦးထုပ်တွေက ဒီဇိုင်းဆန်းပြီး ဖန်တီးမှုပါလို့ လူတွေပိုအကြိုက်များတာပါ။ Hip-Hop လောကထဲက နာမည်ကြီး LL Cool J အဝတ်များတဲ့ ဖက်ရှင် Brand ဖြစ်ပါတယ်။

(၃) Dapper Dan

Dapper Dan

Photo: Next Luxury

လူမည်းအမျိုးသားတွေ ဖန်တီးထားတဲ့ Dapper Dan က လူမည်းတွေအတွက် အဓိက ထုတ်ထားတာပါ။ Classy ကျပြီး ဒီဇိုင်းဆန်းတဲ့ Suits တွေနဲ့ ဈေးကွက်ထဲ ထိုးဖောက်ပါတယ်။ ၈၀ ပြည့်လွန်နှစ်တွေက Dapper Dan လို့လည်း ခေါ်တဲ့ ဒန်နီယယ်ဒေးက စတင်ခဲ့တဲ့ နာမည်ကျော် ဟာလန်းအမှတ်တံဆိပ်ဖြစ်ပါတယ်။ နောက်တော့ ဒီဖက်ရှင်ဟာ Hip-Hop လောကမှာပါ နာမည်တစ်လုံး ရလာခဲ့ပါတယ်။

(၄) Tommy Hilfiger

Tommy Hilfiger

Photo: Next Luxury

အမေရိကန်ဖက်ရှင်ဒီဇိုင်နာ တွန်မီဟေးလ်ဖီဂါရဲ့ Tommy Hilfiger ဖက်ရှင်Brand ဟာ ၉၀ ပြည့်လွန်နှစ်တွေမှာ Hip-Hop လောကရဲ့ နာမည်ကျော်ကြယ်ပွင့်တို့ အကြိုက်တွေ့ခဲ့တဲ့ Brand ဖြစ်ခဲ့ပါတယ်။ အခုထိလည်း ထိပ်ထိပ်ကြဲ Rapper ကြီးတွေရဲ့ ရှိုးမှာ အနီနဲ့အပြာ ကာလာရင့်ရင့် သုံးထားတဲ့ Tommy Hilfiger ဖက်ရှင်ကို တွေ့မြင်နေဆဲ ဖြစ်ပါတယ်။

(၅) Cross Colors

Cross Colors

Photo: Next Luxury

အာဖရိကရိုးရာအကွက်စင်းနဲ့ ကာလာတွေ သုံးထားပြီး ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းတွေကြောင့် Cross Colors ဟာ Rappers တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ၉၀ ပြည့်လွန်နှစ်တွေက စပြီး တည်ထောင်ခဲ့တဲ့ Cross Colors ဖက်ရှင် Brand ကို TLC ၊ Snoop Dogg ၊ Tupac ၊ Future ၊ Cardi B ၊ Run DMC ၊ Dr.Dre ၊ Lil Kim နဲ့ Mary J. Blige တို့လို နာမည်ကျော် Rappers တွေ ဝတ်ပြီး စင်မြင့်ထက်သီချင်းတက်ဆိုခဲ့ကြပါတယ်။

Featured Photo: Next Luxury