စမတ်ကျတဲ့ အမျိုးသားတစ်ယောက်ဆိုတာ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်လေ့မရှိဘဲ လိုက်နာတတ်တဲ့သူတွေပဲဖြစ်ပါတယ်။ သူ့နေရာသူ စည်းကမ်းတွေရှိသလို ဝတ်စားဆင်ယင်မှုပိုင်းမှာလည်း စည်းမျဉ်းစည်းကမ်းတွေ ရှိပါသေးတယ်။

စာဖတ်သူတို့ရော ကိုယ့်ကိုယ်ကို ဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိတဲ့ ပုရိသတစ်ယောက်အသွင်ပြောင်းလဲချင်တယ်ဆိုရင်တော့ လိုက်နာသင့်တဲ့ စည်းမျဉ်းစည်းကမ်းတချို့ရှိပါတယ်။ လိုက်နာနိုင်ရဲ့လားဆိုတာ သိချင်တယ်ဆိုရင်တော့ ဆက်ဖတ်ကြည့်လိုက်ရအောင်။

Suit ဝတ်ဆင်တဲ့အခါ

လုပ်ငန်းခွင် လိုအပ်ချက်အရ Suit ဝတ်ဆင်ရတဲ့ အမျိုးသားတွေလည်း စာဖတ်သူတို့အထဲမှာ ပါဝင်ပါလိမ့်မယ်။ နက်ခ်တိုင်စီးတဲ့အခါ လျော့တိလျော့ရဲစည်းထားခြင်း၊ ရှပ်အင်္ကျီကော်လံကို ကြယ်သီးမတပ်ခြင်း စတဲ့ အသေးအဖွဲလေးတွေက အစ ဂရုစိုက်ပေးမှ ဖက်ရှင်ကျမှာပဲဖြစ်ပါတယ်။

နာရီပတ်ဖို့ မမေ့ပါနဲ့။

အချိန်သိချင်တယ်ဆိုရင် ဖုန်းမှာကြည့်လို့ရတာပဲ။ ဘာကိစ္စပိုက်ဆံအကုန်ခံပြီး ဝယ်နေမှာလဲလို့ မေးခွန်းထုတ်ကြပါလိမ့်မယ်။ တကယ်တော့ နာရီဆိုတာ မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်တစ်ခုပဲဖြစ်ပါတယ်။ နာရီအများကြီး စုဆောင်းပြီး မဝယ်ချင်ဘူးဆိုရင်တော့ အနည်းဆုံး နာရီတစ်လုံးတော့ ပိုင်ဆိုင်ထားသင့်ပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်လည်း ဂရုစိုက်ပေးရပါမယ်။

ဝတ်ကောင်းစားလှ ဝတ်ထားရုံနဲ့တင် မလုံလောက်ပါဘူး။ တစ်ကိုယ်ရည်သန့်ရှင်းရေးကလည်း အရေးကြီးပါသေးတယ်။ အပြင်ထွက်ခါနီးတိုင်း ဆံပင်ကို သေချာဖြီးလိမ်းပါ။ လက်သည်း ခြေသည်းများကိုလည်း ပုံမှန်ညှပ်ပေးဖို့ မမေ့ပါနဲ့။

ဖိနပ်အမျိုးအစားကောင်းကောင်းလေးတွေ ဝယ်ဝတ်ပါ။

အရည်အသွေးမကောင်းတဲ့ ဖိနပ်တွေကို ၂ ရံ ၃ ရံလောက်ဝယ်မယ့်အစား အမျိုးအစားကောင်းတဲ့ တံဆိပ်ထဲက ဖိနပ်တစ်ရံလောက်ဝယ်ထားလိုက်ပါ။ ဒါ့အပြင် ဖိနပ်ကိုလည်း သန့်သန့်ရှင်းရှင်း ထားပေးရပါမယ်။ ဖိနပ်က ညစ်ပတ်နေမယ်ဆိုရင် သင့်ရဲ့ဖက်ရှင်ကလည်း ပျက်ယွင်းသွားမှာပဲဖြစ်ပါတယ်။

သူ့နေရာနဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေကို ဆင်မြန်းဝတ်ဆင်ပါ။

အားကစားသွားတဲ့အခါ အားကစားဝတ်စုံ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တဲ့အခါ ပေါ့ပေါ့ပါးပါးဝတ်စုံ၊ ရုံးသွားတဲ့အခါ၊ ပွဲတက်ရတဲ့အခါ၊ ချစ်သူကောင်မလေးနဲ့ ဘုရားသွားတဲ့အခါ စသဖြင့် သူ့နေရာနဲ့ လိုက်ဖက်မယ့် ဝတ်စုံအမျိုးအစားတွေကို ဝတ်ဆင်ပေးမှ ဖက်ရှင်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်မှာပါ။

Source: Fashionbeans.com