အခုခေတ်ကြီးက ရောဂါသိပ်ထူတဲ့ ခေတ်ကြီးပါ။ ဟိုမှာ သည်မှာ အဖျားအနာတွေအကြောင်း သတင်းတွေ ကြားရ ၊ ရောဂါဆန်းတွေကလည်း အမြစ်ပြတ်ဆေး မပေါ်ခင် အသစ်အသစ် ပေါ်နေကြတာ ဖြစ်လို့ ကိုယ့်ကိုယ်ကို အဖျားအနာကင်းအောင် နေဖို့ဆိုတာ အလွန်ပဲ အရေးပါလှပါတယ်။

မကြာသေးခင်ကပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြင်းထန်အဆုတ်ရောင်ရောဂါကို ကမ္ဘာ့ကပ်ရောဂါ Pandemic အဖြစ် သတ်မှတ်ထားပါတယ်။ ဒီလိုမျိုး ရောဂါဆိုးတွေ ပြန့်ပွားနေချိန်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ နည်းလမ်းတွေ လိုက်နာထားမယ်ဆိုရင် ကျန်းမာရွှင်လန်းပြီး နေ့တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မှာပါ။

(၁) ဝဝအိပ်ပါ

Photo: medallioncorp

အဖျားအနာကင်းဖို့ ကိုယ်ခံအားကောင်းရမှာပါ။ အိပ်ရေးပျက်ခြင်းဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး ရောဂါပိုးတွေ တိုက်ဖျက်ရာမှာ ခက်ခဲစေပါတယ်။ ညဘက်စောစောအိပ်ရာဝင်ပြီး မနက်ခင်းတွေမှာ အိပ်ရေးဝဝ နိုးထနိုင်သူဟာ ကိုယ်ခံအားကောင်းနေတာကြောင့် ရောဂါနည်းမှာပါ။

(၂) ဗိုက်တာမင်စီ မှီဝဲပါ

Photo: healthline

ဗိုက်တာမင်စီဟာ အအေးမိရောဂါကို ကာကွယ်နိုင်မယ်လို့ ယတိပြတ်ပြောလို့မရပေမယ့် အဖြစ်နည်းအောင် လျော့ပါးအောင် ကူညီပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဗိုက်တာမင်စီအပြင် အာဟာရပြည့်ဝတဲ့ အသီးအနှံနဲ့ အစားအသောက်တွေကို စားသုံးပေးမယ်ဆိုရင် ကျန်းမာပြီး ရောဂါကာကွယ်ပြီး ဖြစ်မှာပါ။

ပျားရည်တစ်ဇွန်းလောက် ညဘက် ပုံမှန်စားသုံးပေးမယ်ဆိုရင် အိပ်လို့လည်း ပိုကောင်းပြီး ညဘက် ချောင်းဆိုးတာပါ သက်သာစေတယ်လို့ ဆိုပါတယ်။

(၃) အရည်များများသောက်ပါ

Photo: The List

အရည်များများ သောက်ခြင်းဟာ အအေးမိခြင်းနဲ့ တော်ရုံဖျားနာမှုတွေကို ကာကွယ်တိုက်ဖျက်ဖို့အတွက် အလွန်ကောင်းတဲ့လုပ်ရပ်လို့ ကျန်းမာရေးဘက် ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ ရေနွေးကြမ်း ၊ ရိုးရိုးရေ နဲ့ ကြက်သားစွပ်ပြုတ်တွေ များများသောက်သုံးပေးတာဟာ လူကို ရေဓါတ်ပြည့်စေပြီး ကိုယ်တွင်းအပူချိန် မှန်ကန်ညီညွတ်စေပါတယ်။

(၄) ကိုယ်လက်သန့်ရှင်းရေး ဂရုပြုပါ

Photo: smithsonianmag

တစ်ကိုယ်ရေသန့်ရှင်းမှုဟာ ကျန်းမာရေးရဲ့ အရေးကြီးဆုံး အခြေခံပါ။ လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောတာ ၊ လက်သည်းခြေသည်းညှပ်တာ ၊ တစ်နေ့ နှစ်ကြိမ် သွားတိုက်တာကနေ အစ အဝတ်အစားကို သေချာလျှော်ဖွပ်ပြီးမှ ဝတ်တာအထိဟာ တစ်ကိုယ်ရေ သန့်ရှင်းမှုဖြစ်ပါတယ်။

COVID-19 လိုမျိုး လူအများဆီက ကူးစက်နိုင်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေကို ကာကွယ်ဖို့အတွက် လက်ဆေးခြင်းဟာ အရေးပါဆုံးနဲ့ အခြေခံအကျဆုံး တစ်ကိုယ်ရေကျန်းမာရေကာကွယ်မှု အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေက လက်ခံထားပါတယ်။

(၅) ပုံမှန်ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ပါ

Photo: suunto

ချွေးထွက်သူဟာ ကျန်းမာပါတယ်။ နေ့တိုင်းမှာ လမ်းလျှောက်တာကနေ ဝိတ်မတာ ၊ ပြေးစက်ပေါ် ပြေးတာအထိ ကိုယ်လက် ကျန်းမာကြံ့ခိုင်ရေးအတွက် အရေးပါတဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်ပါတယ်။ Gym သွားပြီး အချိန်ပေး မကစားနိုင်ရင်တောင် ကိုယ့်အိမ်ထဲမှာကိုယ် အနှေးပြေးတာ ၊ ဒိုက်ထိုးတာ နဲ့ Belly Exercies တွေ လုပ်တာမျိုးက ကိုယ့်ကိုယ်ကို အဖျားအနာကင်းကင်းနဲ့ကျန်းမာအောင် ဂရုစိုက်နေတာ ဖြစ်ပါတယ်။