စားပွဲမှာ ထိုင်ရင်း ငြိမ်ငြိမ်ကလေး အလုပ်လုပ်နေရပေမယ့် စိတ်ဖိစီးမှုဒဏ်ခံရသူတွေ အများကြီး ရှိမှာပါ။ အလုပ်ခွင် စိတ်ဖိစီးမှု မြင့်နေချိန်မှာ စိတ်သက်သာရာရဖို့ အကောင်းဆုံးနည်းလမ်းက အလုပ်စားပွဲက ထပြီး လေကောင်းလေသန့်လေး ရှုဖို့ လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲသလိုမျိုး စားပွဲက ထပြီး အပြင်ထွက်ဖို့တောင် အချိန်မရသူတွေအတွက်တော့ စိတ်ပင်ပန်းတာ သက်သာဖို့ဆို အခုပြောတဲ့ နည်းလေးတွေ သုံးကြည့်သင့်ပါတယ်။

(၁) Ear Massage

Photo: Cleverly

နားနှစ်ဖက်ကို နှိပ်ပေးခြင်းဟာ တရုတ်ရိုးရာနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နားရွက်ကို နှိပ်ပေးခြင်းဟာ စိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်ထွေးတဲ့ ဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ နားကို နှိပ်မယ်ဆိုရင် ညင်သာဖို့က အရေးကြီးပါတယ်။ နားရွက်ရဲ့ အပေါ် သုံးပုံတစ်ပုံအလယ်နေရာမှာ Shen Men အမှတ်ဆိုတာ ရှိပါတယ်။ ဒီနေရာဟာ စိတ်ဖိစီးမှု လျှော့ချပေးပြီး စွမ်းအင်ကို မြှင့်တင်ပေးနိုင်ပါတယ်။

(၂) အလုပ်စားပွဲ သန့်ရှင်းခြင်း

Photo: Freepik

သင့်စိတ်ပေါ်ကို သင့်ရဲ့ အလုပ်ခွင်နေရာကလည်း လွှမ်းမိုးမှု ရှိပါတယ်။ ပြောရရင် သင်မြင်နေရတဲ့ အရာတွေက သင့်အာရုံပေါ် အနည်းနဲ့ အများဆိုသလို စိုးမိုးထားတာပါ။ ဒီတော့ သင့်အလုပ်စားပွဲကလည်း သင့်ရဲ့ စိတ်အခြေအနေကို ချယ်လှယ်မှုရှိတယ်ဆိုတာ ငြင်းရမှာ မဟုတ်ပါဘူး။ ရှုပ်ထွေးနေတဲ့ အလုပ်စားပွဲမှာ အလုပ်လုပ်သူဟာ အလုပ်စားပွဲကို သပ်ရပ်သန့်ရှင်းအောင် ပြောင်းလိုက်တာနဲ့ စိတ်လည်း ပြောင်းသွားတာ တွေ့ရမှာပါ။ ဒီတော့ စိတ်ဖိစီးမှု လျော့ပါးစေဖို့ သင့်အလုပ်ခွင်နေရာကို သန့်ရှင်းသပ်ရပ်အောင် ထားဖို့ အကြံပေးချင်ပါတယ်။

(၃) လက်ချောင်းတွေ နှိပ်ပေးခြင်း

Photo: Getty Images

စာရိုက်ပါများလို့ လက်ကောက်ဝတ်တွေ နဲ့ လက်ချောင်းတွေ နာကျင်နေတာဟာ ကြာလာရင် ပြဿနာရှိပါတယ်။ စိတ်ဖိစီးမှု များချိန်မှာ လူဟာ ကိုယ့်ခန္ဓာရဲ့ အချက်ပြမှုကို မသိဘဲ လွတ်သွားတတ်ပါတယ်။ လက်မ လက်ချောင်းနဲ့ လက်ကောက်ဝတ်တွေ နှိပ်ပေးခြင်းဟာ အကြောလျှော့လိုက်သလိုမျိုး စိတ်သက်သာရာရလာစေပါတယ်။ လက်တွေကို နှိပ်ပေးမယ်ဆိုရင်လည်း ညင်ညင်သာသာနဲ့ စက်ဝိုင်းငယ်ပုံစံ နှိပ်ပေးရမှာပါ။

(၄) အသက်ရှုလေ့ကျင့်ခန်း လုပ်ခြင်း

Photo: VeryWellMind

နည်းစနစ်တကျ အသက်ရှုခြင်းဟာ စိတ်နဲ့ ကိုယ်ပြေလျော့အနားရစေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဝမ်းဗိုက်ထဲ လေပြည့်တဲ့အထိ အသက်ကို နက်နက်ရှိုင်းရှိုင်းရှုနေချိန်မှာ စိတ်ဟာ ပုံမှန်စည်းချက်အနေအထားကို ပြန်ရောက်ရှိစေပါတယ်။ နှစ်မိနစ်လောက် အသက်ပြင်းပြင်းရှုတဲ့ လေ့ကျင့်ခန်း လုပ်လိုက်တာနဲ့ စိတ်ဖိစီးမှုဟာ သိသိသာသာ သက်သာသွားမှာ ဖြစ်ပါတယ်။

(၅) စိတ်နဲ့ အကြောလျှော့ခြင်း

Photo: Freepik

မိနစ်အနည်းငယ်အချိန်ပေးရမယ့် စိတ်လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ခြေချောင်းတွေကနေ စတင်ရပါတယ်။ ခြေချောင်းတွေကို အာရုံခံစားမိအောင် လုပ်ပါ။ ပြီးရင် ကြွက်သားတွေ ဖြည်းဖြည်းချင်း အကြောလျှော့သလို ဖြေလျှော့ပေးရမှာ ဖြစ်ပါတယ်။ ဒီနောက်မျာတော့ ခန္ဓာကိုယ်အပေါ်ပိုင်းတွေကို တစ်ဆင့်ချင်းတက်ပြီး အကြောလျှော့ရမှာပါ။ဒီနည်းလမ်းတွေကတော့ အလုပ်မှာ ဖြစ်စေ ရုံးမှာ ဖြစ်စေ စိတ်ပင်ပန်းနေချိန်တွေမှာ စိတ်ဖိစီးမှုကို အမြန်သက်သာစေတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ အချိန်အနည်းငယ်ပေးပြီး လုပ်တာနဲ့ စိတ်တင်းကြပ်ဖိစီးမှု လျော့ပါးစေသလို အလုပ်လုပ်နိုင်စွမ်းလည်း မြင့်တက်လာမှာပါ။