ကျနော်တို့ နေစဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးအတွက် ကောင်းတာတွေရော မကောင်းတာတွေပါ ရောထွေးနေပါတယ်။ ကိုယ်စားနေတဲ့ အရာတွေက မိမိခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုလဲဆိုတာ သိသင့်ပါတယ်။ ဒါမှသာ ကျန်းမာရေးနဲ့အညီ စားသောက်နေထိုင်နိုင်မှာပါ။

အခု Kwee ပရိသတ်တွေအတွက် ပြောပြချင်တာကတော့ ဦးနှောက်ကျန်းမာရေးအတွက် စားသင့်တဲ့ အစားအစာ (၅) မျိုး အကြောင်းပါ။

(၁) အခွံမာသီးနဲ့ အစေ့အဆံများ

Source: Better Health Channel

သစ်ကြားသီး၊ မက်မွန်သီးလိုမျိုး အခွံမာသီးတွေမှာ ဦးနှောက်အတွက် လိုအပ်တဲ့ Fatty Omega-3 Acid တွေ ပါဝင်ပါတယ်။ နောက်ပြီး နာဗ်ဆဲလ်တွေကို ကာကွယ်ပေးတဲ့ Antioxidant နဲ့ ဗီတာမင် အီး တို့လည်း ပါဝင်ပါသေးတယ်။

ဂျူံ၊ ပဲစေ့၊ အစေ့အဆံ (နေကြာစေ့၊ ရွှေဖရုံစေ့) တို့တွင် Amino Acids နဲ့ Zincs ဓာတ်တွေ ပါဝင်တာကြောင့် မှတ်ဥာဏ်ကောင်းစေပါတယ်။ ဆရာဝန်တွေကတော့ အခွံမာသီးနဲ့အစေ့အဆံတွေကို အဆာပြေအဖြစ် စားသုံးကြဖို့ အကြံပေးကြပါတယ်။

(၂) ဆာလ်မွန်ငါးနဲ့ အခြားအဆီများတဲ့ငါများ

Source: Down To Earth

ဦးနှောက်ကျန်မာရေးအတွက် လိုအပ်တဲ့ Omega-3 Fatty Acids ပါဝင်တဲ့ အစားအစာကတော့ ဆာလ်မွန်ငါးပဲ ဖြစ်ပါတယ်။ ဦးနှောက်ကျန်မာရေးအတွက် လိုအပ်တဲ့ Fatty Acids များကို တူနာငါး၊ ငါးသလောက် စတဲ့ အဆီများတဲ့ ငါးတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ ငါးတွေထဲမှာပါတဲ့ Fatty Acids တွေက Alzheimer လို့ခေါ်တဲ့ မှတ်ဥာဏ်နဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားမှုကနေ ကာကွယ်ပေးပါတယ်။

(၃) ကြက်ဥ

Source: Cooking Light

လူတော်တော်များများက ကြက်ဥကို ပရိုတင်းဓာတ်ရဖို့အတွက် စားသုံးကြတာများပါတယ်။ ဒါပေမဲ့ ကြက်ဥတွေမှာ ပရိုတင်းတွေသာမကပဲ အခြားကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါသေးတယ်။ စိတ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အင်ဇိုင်းတွေကို ထိန်းသိမ်းပေးတဲ့ Choline တွေ ပါဝင်ပါတယ်။

ကြက်ဥတွေမှာ ဦးနှောက်ဆဲလ်တွေကို သန်မာစေတဲ့ ဓာတ်တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် စားသုံးသင့်ပါတယ်။

(၄) ချောကလက်

Source: Medical News Today

ကျန်းမာရေးအတွက် စားသုံးရတဲ့ အစားအစာများက အရသာ မကောင်းဘူးလို့ သင်ထင်ပါလိမ့်မယ်။ ဒါကမမှန်ပါဘူး။ အချိုမပါတဲ့ ချောကလက်တွေမှာ Flavonoids လို့ခေါ်တဲ့ ဦးနှောက်တွင်း သွေးစီးဆင်းမှုကို ကောင်းစေတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ နောက်ပြီး ကိုယ်ခန္ဓာ အစိတ်အပိုင်းတော်တော်များများကို အကျိုးပြုစေတဲ့ သံဓာတ် ၊ Manganese ၊ Copper နဲ့ Magnesium တွေ ပါဝင်ပါသေးတယ်။

(၅) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

Source: Balance by bistroMD

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ Antioxidants နဲ့ ဗီတာမင်စီ တွေ ပါဝင်ပါတယ်။

ဘရိုကိုလီ၊ ထောပတ်သီးနဲ့ ကိုက်လန်ရွက် စတဲ့ ဟင်းသီးဟင်းရွက်တွေက ကင်ဆာရောဂါတွေကို တိုက်ခိုက်ပေးပါတယ်။ အာရုံစူးစိုက်မှု လျှော့နည်းခြင်းနဲ့ မှတ်ညဏ်ချွတ်ယွင်းမှုတွေကို ကာကွယ်ပေးတဲ့ ဗီတာမင်တွေ ပါဝင်ပါသေးတယ်။

ကိုက်လန်၊ ဟင်းနုနယ် အရွက်တွေမှာ ဦးနှောက်ထဲကို အောက်ဆီဂျင်ပို့လွှတ်ရာမှာ အထောက်အပံ့ဖြစ်စေတဲ့ ဗီတာမင် ဘီ ပါဝင်ပါတယ်။ ဒါကြောင့် အစိမ်းရောင် ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ကျန်းမာရေးအရသော်လည်းကောင်း ဟင်းအတွက်သော်လည်းကောင်း ချက်ပြုတ်စားသောက်ကြဖို့ အကြံပေးချင်ပါတယ်။