ဖက်ရှင်ရေစီးကြောင်းနောက် စီးမျောလိုက်ပါနေကြတဲ့ စတိုင်လ်ကျတဲ့ ပုရိသတွေအဖို့ ဖက်ရှင်အသစ်အဆန်းတွေက အများအပြားထွက်ပေါ်နေတာပဲဖြစ်ပါတယ်။ မိမိရဲ့ အကြိုက်ပေါ်မူတည်ပြီး ရွေးချယ်တဲ့ဖက်ရှင်ဒီဇိုင်းနဲ့ ကာလာအနေအထားတွေကလည်း ပြောင်းလဲသွားတတ်ပါတယ်။

ဖက်ရှင်အသုံးအဆောင်နဲ့ ပတ်သက်လာရင်လည်း စွဲလမ်းနှစ်သက်ပုံချင်းက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ အချို့က နာရီတွေ စုဆောင်းတတ်ကြပြီး တချို့ကကျ ဦးထုပ်၊ ခါးပတ်၊ နေကာမျက်မှန် စသည်ဖြင့် အမျိုးမျိုး ပြောင်းလဲသွားတတ်ကြပါတယ်။

ဒီတစ်ခါမှာ ပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ဖိနပ်ချစ်သူတွေ သဘောတွေ့စေမယ့် အမိုက်စားဖိနပ်ဒီဇိုင်းတွေပဲဖြစ်ပါတယ်။ ဘယ်လိုဒီဇိုင်းတွေက ကွီးတို့အကြိုက်နဲ့ ထပ်တူကျမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

အောက်ဖို့ဒ် သားရေဖိနပ်အမဲ ဒီဇိုင်း

လုပ်ငန်းခွင်ဝင်နေကြတဲ့ ရုံးသမားတွေ စီးပွားရေးလုပ်ငန်းလုပ်နေကြတဲ့သူတွေအနေနဲ့ စတိုင်လ်ဘောင်းဘီဝတ်တဲ့အခါ ဒီသားရေဖိနပ်လေးက ဖက်ရှင်ကျနေစေမှာပဲဖြစ်ပါတယ်။

အညိုရောင် သားရေရှူးဖိနပ်

အမဲရောင်က ရိုးလွန်းနေပြီဆိုရင်တော့ အညိုရောင်ရှူးဖိနပ်က အထာကျနေစေမှာပဲဖြစ်ပါတယ်။ ဖိနပ်ကြိုးကို တကူးတကတပ်နေစရာမလိုတဲ့အတွက်ကြောင့် ဖိနပ်ကြိုး ခဏခဏ ပြယ်သွားလို့ စိတ်ညစ်ရတဲ့ ဒုက္ခမှ ကင်းဝေးမှာပဲဖြစ်ပါတယ်။

သားရေပျော့ဖိနပ်

လူငယ်တွေအနေနဲ့ လိုက်ဖက်မှုရှိတဲ့ ဖိနပ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ နွေရာသီလို ပူအိုက်တဲ့အချိန်မှာ ခြေအိတ်မဝတ်ဘဲနဲ့ ဒီအတိုင်း ဝတ်ဆင်နိုင်တာကြောင့် ပေါ့ပါးလွတ်လပ်တဲ့ သွင်ပြင်ကို ရရှိပိုင်ဆိုင်နိုင်မှာပါ။ ဘောင်းဘီတိုများ၊ ချီနိုဘောင်းဘီများနဲ့ လိုက်ဖက်မှုရှိတဲ့ ဖိနပ်အမျိုးအစားပဲဖြစ်ပါတယ်။

အားကစားဖိနပ်

လူငယ်ဆန်တဲ့ အားကစားဖိနပ်လေးတွေကလည်း အခုနောက်ပိုင်းမှာ ဒီဇိုင်းအမျိုးမျိုးနဲ့ ကာလာအစုံထွက်ရှိနေတာကြောင့် ဘယ်ဒီဇိုင်းကို ဝယ်ယူရမလဲလို့ စဉ်းစားရတာလည်း အလုပ်ပိုတစ်ခုလို ဖြစ်နေပါပြီ။

ခြေမျက်စိဖုံး လည်ထောင်ဖိနပ်ရှည်များ

လည်ထောင်ဖိနပ်ရှည်တွေကတော့ မြန်မာ့ဈေးကွက်ထဲမှာ သိပ်ပြီး ခေတ်မစားသေးပါဘူး။ ဝတ်တဲ့လည်း နည်းပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ မကိုက်ညီတာကြောင့်လည်း ပါပါတယ်။ ဆောင်းတွင်းလို အေးတဲ့အချိန်မှာ အေးတဲ့နေရာဒေသတွေ အလည်သွားမယ်ဆိုရင်တော့ ရှိုးထုတ်လို့ရအောင် ဖိနပ်အပိုတစ်ရံအနေနဲ့ ဆောင်သွားသင့်ပါတယ်။

Source: fashionbeans.com