သမီးရည်းစားဆက်ဆံရေးတစ်ခုတည်ဆောက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ချစ်နေရုံနဲ့မပြီးသေးပါဘူး။ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုတွေကလည်း အဓိကကျပါသေးတယ်။ ချစ်သူစုံတွဲတွေ လမ်းခွဲပြတ်စဲရခြင်းအကြောင်းအရင်းတွေက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမပေးနိုင်တော့လို့၊ အခြားတစ်ယောက်ရဲ့ အကျင့်စရိုက်ကို နောက်ပိုင်းကျမှ တဖြည်းဖြည်းသိရှိလာလို့ စတဲ့အကြောင်းအရင်းတွေကြောင့်ပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ မိန်းကလေးတွေ သူ့ချစ်သူကောင်လေးတွေကို မပြုလုပ်စေချင်တဲ့ အပြုအမူတစ်ချို့ပဲဖြစ်ပါတယ်။

စိတ်ကူးယဉ်မဆန်ခြင်း၊ မိမိအချစ်ကို မဖော်ပြတတ်ခြင်း

Source: Videoblocks.com

အမျိုးသားအများစုက မိမိရဲ့အချစ်ကိုဖော်ပြတဲ့နေရာမှာ ညံ့ကြပါတယ်။ ဒါ့အပြင် တချို့ဆိုရင် ရိုမန့်တစ် လုံးဝမဆန်တတ်ပါဘူး။ ဘယ်သူမဆို ကိုယ့်ချစ်သူဆီက ကြင်နာယုယမှုကိုလိုလားကြသူတွေချည်းပါပဲ။ သူမရဲ့ မွေးနေ့၊ နှစ်ပတ်လည်နေ့တွေကို မှတ်မိကြောင်းပြသပြီး သူမကို အံ့သြသွားအောင်ပြုလုပ်ကာ စိတ်ကူးယဉ်ဆန်တဲ့ချစ်သူတစ်ယောက်ဖြစ်အောင် ကြိုးစားလိုက်ပါ။

သူမ ပြောတာကို ဂရုတစိုက်နားထောင်မှုမရှိခြင်း

Source: Glamour.com

သူမကတော့ ပြောချင်တာတွေ အားရပါးရပြောပြီးသွားကာမှ သင်က စိတ်ဝင်စားသလိုလို၊ မဝင်စားသလိုလိုလုပ်ပြီး ကိုယ်ကြားချင်ရာတွေပဲ နားထောင်ပေးမယ်ဆိုရင်တော့ ရှော့အကြီးကြီးရှိတယ်နော်။

ရည်းစားဟောင်းနဲ့ မကြာခဏအဆက်အသွယ်ပြုလုပ်နေခြင်း

Source: Beenverified.com

မိန်းမဆိုတဲ့အမျိုးက သဝန်တိုတတ်ကြတဲ့သူတွေပါ။ ဒါ့အပြင် ဟိုတွေးဒီတွေးနဲ့ ပေါက်ကရလျှောက်တွေးရာမှာလည်း အားသန်ကြပါတယ်။ ဒါကိုမှ သင်က သင့်ရည်းစားဟောင်းနဲ့ ဖုန်းအဆက်အသွယ်ရှိနေဦးမယ်ဆိုရင် သူ့ရည်းစားဟောင်းကို အခုအချိန်ထိ စိတ်မပြတ်သေးဘူးလား။ ငါ့ကိုများ မချစ်တော့တာလား စတဲ့အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ သူမကိုယ်သူမ စိတ်ဒုက္ခပေးနေပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ကောင်မလေးကို မြတ်မြတ်နိုးနိုးချစ်တယ်ဆိုရင် ရည်းစားဟောင်းနဲ့ အဆက်အသွယ်ဖြတ်ပစ်တာ အကောင်းဆုံးပါပဲ။

တခြားကောင်မလေးများကို ကြာကြည့်ကြည့်ခြင်း

Source: Petapixel.com

ကိုယ့်ချစ်သူက ဘေးနားမှာ ငုတ်တုတ်ရှိရဲ့သားနဲ့ တခြားကောင်မလေးကို လိုက်ကြည့်နေတာကို ဘယ်မိန်းကလေးကမှ သည်းခံနိုင်မှာမဟုတ်ပါဘူး။ သင့်ကိုလည်း သူမက အထင်သေးသွားပါလိမ့်မယ်။ လှပချောမောတဲ့ကောင်မလေးတွေ ဘေးနားကဘယ်လောက်ဖြတ်သွားနေပါစေ ကိုယ့်ကောင်မလေးတစ်ယောက်ထဲကိုပဲမြင်တဲ့သူကို မိန်းကလေးတွေက အထင်ကြီးလေးစားတတ်ကြပါတယ်။

သူမ ဝါသနာပါတဲ့အရာများကို စိတ်ဝင်စားမှုမရှိခြင်း

Source: Freepik.com

ချစ်သူစုံတွဲတွေဆိုတာ တစ်ယောက်ဝါသနာပါတဲ့အရာကို အခြားတစ်ယောက်နဲ့အတူတူပြုလုပ်ပေးခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတည်ဆောက်ကြလေ့ရှိပါတယ်။ သူမဈေးဝယ်ထွက်တဲ့အခါမှာလည်း အမြဲတမ်းမဟုတ်ရင်တောင် တစ်ခါတလေ အဖော်လိုက်ပေးခြင်း၊ သူမကို ရုပ်ရှင်လိုက်ပြပေးခြင်းတို့ကို ပြုလုပ်ပေးဖို့လည်း မမေ့ပါနဲ့။

သင့်ကောင်မလေးကို တကယ်ချစ်ပြီး ရေရှည်လက်တွဲဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ အခုဖော်ပြသွားတဲ့အချက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။