တစ်နေ့တာကို အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွစွာဖြတ်သန်းချင်တယ်ဆိုရင် မနက်ခင်းအိပ်ယာနိုးချိန်မှာ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်ပြုလုပ်ပေးသင့်ပါတယ်။ အခုလို Stay Home ကာလမှာ Gym တွေလည်းပိတ်ထားတယ် အပြင်ဘက်လမ်းလျောက်ထွက်တာမျိုးလည်းမလုပ်ချင်ဘူး အိမ်ထဲမှာပဲ လုံခြုံစွာနေရင်း ကျန်းမာချင်တယ်ဆိုရင်တော့ ယောဂလေ့ကျင့်ခန်းက အသင့်တော်ဆုံးလို့ဆိုရမှာပါပဲ။ ယောဂလေ့ကျင့်ခန်းကို အမျိုးသမီးတွေသာမက အမျိုးသားတွေလည်းပြုလုပ်လို့ရနိုင်ပြီး စိတ်ရောကိုယ်ပါ အကျိုးကျေးဇူးများစွာရရှိစေပါတယ်။ဒီနေ့မှာတော့ မနက်ခင်းအချိန်မှာ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်းက ဘယ်လိုကောင်းကျိုးတွေပေးစွမ်းလဲဆိုတာ မျှဝေပေးချင်ပါတယ်။
(၁) ဖြတ်သန်းရမယ့် တနေ့တာကိုကောင်းစွာ အာရုံစိုက်နိုင်လာမယ်

Source : Business Insider
တစ်နေ့လုံး စိတ်ကြည်လင်လန်းဆန်းစွာဖြတ်သန်းနိုင်ဖို့ရာ မနက်ခင်းအိပ်ယာထချိန်က အများကြီး သက်ရောက်မှုရှိပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ စိတ်ကိုတည်ငြိမ်စေအေးချမ်းစေပြီး အာရုံစူးစိုက်မှုနဲ့ စဥ်းစားတွေးခေါ်နိုင်စွမ်းတွေကို တိုးတက်ကောင်းမွန်စေတာကြောင့် တနေ့တာလုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာတွေအပေါ် အပြည့်အဝအာရုံစိုက်ထားနိုင်မှာဖြစ်ပါတယ်။
(၂) စွမ်းအင်တိုးတက်စေတယ်

Source : Emiliam
မနက်ခင်း ယောဂလေ့ကျင့်ခြင်းရဲ့ အကောင်းဆုံးအကျိုးကျေးဇူးတစ်ခုကတော့ ခန္ဓာကိုယ်ဇီဝဖြစ်စဥ်ကို ပိုမိုမြှင့်တင်ပေးပြီး တနေ့တာအတွက်လိုအပ် စွမ်းအင်ပမာဏကိုထောက်ပံ့ပေးတာဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တွင်းသို့ အောက်ဆီဂျင်ပိုမိုရရှိစေဖို့ ပံ့ပိုးပေးပြီး သွေးလည်ပတ်မှုကောင်းမွန်စေတာကြောင့် တနေ့တာကို လန်းဆန်းတက်ကြွမှုအပြည့်နဲ့ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။
(၃) နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေတယ်

Source : AskMen
ယောဂလေ့ကျင့်ခြင်းဟာ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေပြီး နှလုံးခုန်နှုန်းကိုတိုးတက်ကောင်းမွန်စေတဲ့ အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ မနက်ခင်းမှာ မိနစ် ၃၀ ခန့်လောက် ပုံမှန်ယောဂလေ့ကျင့်ခန်း ပြုလုပ်ပေးမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ချေကိုလျော့ချပေးပြီး နှလုံးရဲ့ ခံနိုင်ရည်ကို တိုးမြင့်စေနိုင်တယ်လို့ သုတေသနပညာရှင်တွေက ဆိုထားပါတယ်။
(၄) ကိုယ်အလေးချိန်ကျစေနိုင်တယ်

Source : Flipboard
ယောဂလေ့ကျင့်ခန်းဟာ ဝိတ်ချချင်သူတွေအတွက်လည်း အထိရောက်ဆုံးသော လေ့ကျင့်ခန်းတစ်ခုပါပဲ။ မနက်ခင်းယောဂကစားခြင်းဟာ ဇီဝဖြစ်ပျက်မှုစနစ်ကိုအားဖြည့်ပေးပြီး ခန္ဓာကိုယ်အဆီပိုတွေကို လောင်ကျွမ်းစေရာမှာ ကူညီပေးတာကြောင့် ကိုယ်အလေးချိန်ကျဆင်းလာစေမှာဖြစ်ပါတယ်။ အဓိကအားဖြင့် ဝမ်းဗိုက် လက်မောင်းနှင့် ပေါင်တို့မှာရှိတဲ့ အဆီပိုတွေကို ကျဆင်းစေဖို့ကူညီပေးမှာဖြစ်ပါတယ်။
(၅) စိတ်ဖိစီးမှုလျော့နည်းစေတယ်

Source : Depositphotos
အသက်ရှုခြင်းကိုအခြေခံတဲ့ ယောဂလေ့ကျင့်ခန်းတွေက စိတ်နဲ့ ခန္ဓာကိုပေါင်းစည်းပေးပြီး စိတ်ရော ခန္ဓာကိုယ်ကိုပါ တည်ငြိမ်အေးချမ်းခြင်းတွေ ယူဆောင်လာပေးပါတယ်။ မနက်ခင်းမှာ နာရီဝက်လောက်အချိန်ပေးပြီး ယောဂကစားလိုက်တာနဲ့ သင့်ရဲ့ စိတ်ခံစားမှုပိုမိုတိုးတက်ကောင်းမွန်လာမှာဖြစ်ပြီး တနေ့တာအတွက် စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးတွေကို အကောင်းဆုံး ကာကွယ်တိုက်ထုတ်ပေးမှာဖြစ်ပါတယ်။
