တစ်ရက်မိနစ် ၃၀ မပျက်မကွက် ပုံမှန်လမ်းလျှောက်ပေးရင် တော်ရုံအဖျားအနာကင်းမယ်လို့ ဆိုပါတယ်။ ဒါက အနည်းဆုံးပမာဏကို ပြောတာပါ။ ပုံမှန် လမ်းများများ လျှောက်လေလေ ကျန်းမာရေးအကျိုးကျေးဇူးတွေက မပြောပြတတ်အောင် များပြားမယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ခံချက်ပေးပါတယ်။

တကယ်ကျန်းမာရေးကောင်းဖို့ဆို ဆိတ်ငြိမ်တဲ့ မနက်စောစောတိုင်း မပျက်မကွက် လမ်းလျှောက်ပေးဖို့ လိုပါတယ်။ မနက်ဘက်တိုင်း လမ်းလျှောက်နေကြလူတွေမှာ အခုပြောမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ခံစားရမှာ မုချပါပဲ။

(၁) စိတ်ခံစားမှု ပိုတိုးတက်လာမယ်

A Group of People Walking

Photo: Unsplash

Mood လို့ခေါ်တဲ့ စိတ်ကြည်လင်စေဖို့ Dark Chocolate တစ်ပြားလောက်စားဖို့ ၊ ဝိုင်တစ်ခွက်လောက် သောက်ဖို့ အကြံပေးတာတွေ ကြားဖူးမှာပါ။ ပိုက်ဆံတစ်ကျပ်မှ မကုန်ဘဲ ၊ ကယ်လိုရီလည်း လုံးဝမတက်စေဘဲ Mood ကောင်းမယ့်နည်းတစ်ခုက လမ်းလျှောက်ဖို့ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ၁၀ မိနစ်လောက် လမ်းလျှောက်တာနဲ့တင် စိတ်ခံစားချက်တွေ ပိုပြီး တိုးတက်ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။

(၂) ကယ်လိုရီလောင်ကျွမ်းမှု အထောက်အကူပြုတယ်

Man walking up stairs

Photo: Unsplash

ဆက်တိုက်လမ်းလျှောက်လေ့ရှိသူတွေဟာ ဗိုက်ဆီတွေ ကျပြီး ကိုယ်ခန္ဓာရဲ့ အင်ဆူလင်တုံ့ပြန်မှု ပိုတိုးတက်လာတယ်လို့ လေ့လာမှုတွေက ဖော်ပြကြပါတယ်။ တစ်နေ့ ခြေလှမ်း ၁၀၀၀၀ နေ့တိုင်း လမ်းလျှောက်ဖို့ ပြောကြတာတွေ ရှိပါတယ်။ နေ့တိုင်း ပုံမှန်လမ်းလျှောက်တာဟာ မလိုအပ်တဲ့ ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်လို့ အသက်ကြီးလာချိန်မှာလည်း သွက်လက်ပေါ့ပါးစေပါတယ်။

(၃) နာတာရှည်အဖျားအဖြစ် နည်းစေတယ်

Man walking alone

Photo: Unsplash

နေ့တိုင်း လမ်းလျှောက်သူတွေဟာ အဖျားအနာ အဖြစ်နည်းပါတယ်။ လမ်းလျှောက်တာက သွေးတွင်းသကြားဓါတ်လျော့ကျစေလို့ သေလောက်တဲ့ ရောဂါကြီးတွေ ဖြစ်တဲ့ ဆီချိုသွေးချိုတွေလည်း အဖြစ်နည်းစေပါတယ်။ နှလုံး ၊ သွေးတိုးလေဖြတ်တွေ မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ အနည်းဆုံးတစ်ပတ်ကို တစ်နာရီခွဲကြာ လမ်းလျှောက်မှု နှစ်ကြိမ်တော့ လုပ်ပေးဖို့ ပညာရှင်တွေက အကြံပြုပါတယ်။

(၄) ဦးနှောက်စွမ်းရည် ထက်မြက်စေတယ်

Walking Shoes

Photo: Unsplash

တစ်ပတ်ကို တစ်နာရီကြာ သုံးကြိမ် လမ်းလျှောက်သူတွေရဲ့ ဦးနှောက်ကို စကင်ဖတ်ကြည့်ရာမှာ ဒီလူတွေရဲ့ ဆုံးဖြတ်နိုင်စွမ်းဟာ တခြားသူတွေထက် အများကြီး ထက်မြက်နေတာ တွေ့ရပါတယ်။ တစ်ရက်ကို မိနစ် ၂၀ ပြေးစက်ပေါ် ကလေးတွေကို လမ်းလျှောက်ခိုင်းပြီးနောက် သူတို့ရဲ့ ပညာရေးစွမ်းဆောင်ရည်ကို စမ်းသပ်ရာမှာလည်း ရလဒ်တွေ ကောင်းနေတယ်လို့ ဆိုပါတယ်။ လေ့လာသူတွေက ဒီလို ဖြစ်ရတာဟာ လမ်းလျှောက်တာကြောင့် ဦးနှောက်ထဲ သွေးရောက်မှု ပိုကောင်းတာရဲ့ အကျိုးကျေးဇူးလို့ မှတ်ချက်ပြုကြပါတယ်။

(၅) အဆစ်အမြစ် နာတာတွေ သက်သာစေတယ်

Preparing To Walk

Photo: Unsplash

လမ်းလျှောက်ရင် ဒူးနာ/ခါးနာမယ်လို့ ထင်ကြပေမယ့် တကယ်တမ်းကျတော့ လမ်းလျှောက်လေ့ကျင့်ခန်း လုပ်သူတွေရဲ့ အရိုးအဆစ်တွေကို ဝိုင်းရံထားတဲ့ ကြွက်သားတွေ သန်မာတာကြောင့် Joint Pain အဖြစ် နည်းပါတယ်။ နာကျင်တဲ့နေရာတွေလည်း သွေးစီးဆင်းမှုရှိလို့ အနာသက်သာမှု မြန်ဆန်ပါတယ်။

ဒါကြောင့် မနက်တိုင်း လမ်းလျှောက်ပါ။ တစ်ရက်ကို အနည်းဆုံး နာရီဝက်တော့ လမ်းလျှောက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Featured Photo: The New York Times