ကျွန်တော်တို့ နားလည်မှု လွဲခဲ့ကြတယ်။ အလုပ်ရှင်ဆိုတာ ကိုယ့်ကို ပိုက်ဆံပေးပြီး တန်အောင်ခိုင်းတဲ့ လူကြမ်းကြီးလို့။ တကယ်က သူဌေးတွေဟာ ဝန်ထမ်းတွေကို အလုပ်ရှင် ဖြစ်နည်း အတတ်ပညာပါ ပြခဲ့တာပါ။

တကယ်တော်ပြီး အမြော်အမြင်ရှိတဲ့ သူဌေးကတော့ သူ့ လက်အောက်ငယ်သားကို ဒီလိုနေရင် ဒီလို ဖြစ်မယ်လို့ သက်သေပြခဲ့ပြီး လူ့တန်ဖိုးကို အလေးမထားဘဲ ခိုင်းတတ်တဲ့ သူဌေးကလည်း သူလိုဆိုးရင် သူ့ အောက်လူတွေ ဘယ်လိုနေရတယ်ဆိုတာကို အမုန်းခံပြီး ပြသွားတာပဲလို့ မြင်တတ်ဖို့လိုပါတယ်။

သူဌေးတွေဆီက ကျွန်တော်တို့ လစာတင် မယူဘဲနဲ့ ဒီလိုအဖိုးတန်တဲ့ သင်ခန်းစာတွေလည်း သင်ယူနိုင်ပါတယ်။

(၁) ကိုယ်ပိုင်အလုပ်လို လုပ်ခြင်း

Source: ShutterStock

အလုပ်ရှင်ဟာ သူ့ကုမ္ပဏီတိုးတက်ဖို့ပဲ ရှေးရှုတာက မဆန်းပါဘူး။ ဒါကို ကျွန်တော်တို့ ဘဝမှာ အသုံးမချမိရင်တာ ဆန်းတာပါ။ ဘယ်အလုပ်ပဲ လုပ်လုပ် သူဌေးလုပ်သလို လုပ်၊ သူဌေးထက်တောင် လုပ်ငန်းကိုင်ငန်း တိုးတက်အောင်လုပ်၊ ခေတ်နဲ့အညီ စဉ်းစားတာ၊ ခေတ်ရှေ့ပြေးပြီး Business Model တွေ ရှာတာလုပ်ကြည့်ပါ။

အလုပ်ဆိုတာ တစ်သက်လုံးလုပ်ရပြီး ကုမ္ပဏီဆိုတာ မတည်မြဲတဲ့အရာပါ။ ရှေ့ကို ကြည့်ပြီး အဝေးကြီးအတွက် ပြင်ဆင်ရာမှာ အလုပ်ရှင်ဆီကနေ သင်လို့ရတာ အများကြီးရှိပါတယ်။ သူဌေးဆိုးဟာ ရှောင်ရမယ့် သင်ခန်းစာတွေပေးပြီး တော်တဲ့သူဌေးက ရှေ့ဆက်သွားမယ့် ပုံစံကို လမ်းညွှန်ပါတယ်။

(၂) ပန်းတိုင်ကို သတိရခြင်း

Source: ShutterStock

ကုမ္ပဏီပိုင်ရှင်ဟာ တစ်နှစ်ကို ဘယ်လောက် ဝင်ရမယ်ဆိုတဲ့ Target ထားသလိုမျိုး ကိုယ့်ဘဝမှာလည်း ဒီနှစ် ဘာဖြစ်ရမယ်၊ နောက် ၃ နှစ်မှာ ဘယ်လို ဖြစ်နေရမယ်ဆိုတာကို အစီအစဉ်တကျ ဆွဲထားတဲ့ ပန်းတိုင်ထားသင့်ပါတယ်။ ကိုယ့်ရဲ့ လုပ်ရပ်တိုင်းကို Performance Tracker လုပ်ပြီး ပန်းတိုင်ကို ခြေရာခံတတ်ဖို့ သင်ယူပါ။

(၃) ပိုပြီး နားစွင့်ခြင်း

Source: ShutterStock

၂၀၁၉ မှာ ဘာတွေ ဖြစ်နေပြီလဲ။ လာမယ့် နှစ်တွေမှာရော ဘာတွေ ဖြစ်ဖို့ ရှိသလဲ။ စူးစမ်းတဲ့အကျင့်၊ သတိထား မျက်စိနားတွေ စွင့်ထားတဲ့ အလေ့ကို လုပ်ပါ။ သူဌေးတွေဟာ သူတို့ရဲ့ ကုမ္ပဏီပေါ် ကျရောက်လာမယ့် Factors တိုင်းကို ထည့်တွက်သလိုမျိုး ကိုယ်လည်း ကိုယ့်ဘဝကို ပြောင်းလဲစေမယ့် အရာတွေကို ရှာဖွေ စူးစမ်းထားသင့်ပါတယ်။

(၄) ဝေဖန်မှုကို အသုံးချခြင်း

Source: ShutterStock

အလုပ်မှာ ကိုယ်ကတော့ ကြိုးစားနေတာပဲ။ လမ်းလွဲလို့ မတိုးတက်သေးရင် အထက်လူကြီးက ဘယ်လို ဆူသလဲ။ သူပြောနေတာ မမှားဘူးဆိုတဲ့ အချက်ကို ခေါင်းထဲ ထည့်ပါ။ ကိုယ့်အနေနဲ့ လမ်းမှန်ပေါ် ရောက်ဖို့ လမ်းသိသူရဲ့ အသံကို နားထောင်သင့်ပါတယ်။ ဒီအချက်ကို အလုပ်ခွင်မှာတင် မဟုတ်ဘဲ အလုပ်ပြင်ပ ဘဝတိုးတက်ရေးနဲ့ လူမှုဆက်ဆံရေးမှာပါ ကောင်းကောင်းမွန်မွန် အသုံးချနိုင်ပါတယ်။

(၅) သဘောထား

Source: ShutterStock

အလုပ်ရှင်စိတ်ဟာ ထူးခြားတဲ့ သဘောထားပါ။ သူဟာ ဝံပုလွေ အုပ်စုကြီးတစ်စုရဲ့ ခေါင်းဆောင်လို တောထဲမှာ လှည့်လည်သွားပြီး စားကျက်ရှာ၊ သားကောင်လိုက်ပါတယ်။ သူ့ နောက်လိုက်အားလုံးကို တာဝန်ယူထားသူ ဖြစ်ပြီး ဗွေဖောက်တဲ့သူကို အုပ်စုက ဖယ်ရှားဖို့ စိတ်ပြတ်သားသလို ၊ တော်တဲ့ ထက်တဲ့ နောက်လိုက်ကို နေရာမြှင့်ပေးဖို့လည်း လိုလားပါတယ်။

ဒီစိတ်ဓါတ်ဟာ လွတ်လပ်ပြီး စမတ်ကျတဲ့သူတွေမှာ မြင်ရတတ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေး မြင့်တဲ့ သူတေစ်ယောက်ဟာ သဘောထားမှန်ပါတယ်။ အလုပ်ရှင်ကောင်းတစ်ယောက်ဆီကနေ ရလိုက်တဲ့ စိတ်ပိုင်းအရည်အချင်းတွေဟာ ဘဝမှာ ပိုက်ဆံရှာဖို့လောက်၊ နေရာစရာ နားစရာရဖို့လောက်တင် မဟုတ်ဘဲ အဆင့်မြင့်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက်ပါ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။