လူသားတွေ အသက်ရှင်နေထိုင်ရေးအတွက် အောက်ဆီဂျင်တွေ ထုတ်လုပ်ပေးတဲ့ စိမ်းစိုတဲ့သစ်ပင်တွေက အင်မတန်အရေးကြီးပါတယ်။ သစ်တောများ တဖြည်းဖြည်းပြုန်းတီးလာတဲ့အတွက် ရာသီဥတုဖောက်ပြန်မှုတွေဖြစ်ပြီး အိုဇုန်းလွှာလည်း တစ်စထက်တစ်စ ပါးလျလာပါတယ်။ သစ်ပင်များနည်းပါးရခြင်းရဲ့ ဆိုးကျိုးတွေကို နွေရာသီရောက်ရင် ခံစားနေကြရတာ အားလုံးမျက်မြင်ကိုယ်တွေ့ပါပဲ။

အိုဇုန်းလွှာပါးလာတဲ့အတွက်ကြောင့် ခရမ်းလွန်နေရောင်ခြည်ကို ထိထိရောက်ရောက်မကာကွယ်ပေးနိုင်တော့ဘဲ အပူဒဏ်တွေကို ပူပြင်းစွာ ခံစားနေကြရပါပြီ။ ဒီလိုပူပြင်းခြောက်သွေ့တဲ့နွေရာသီမှာ အပူဒဏ်တစ်ဝက်လောက် သက်သာအောင် ဘယ်လိုလုပ်ရမလဲ၊ အပြင်သွားတိုင်းမှာ မဖြစ်မနေ ဘာတွေကို ဆောင်သွားရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ချည်သားအင်္ကျီလက်ရှည်များ

Source: Shutterstock

နွေရာသီက တစ်ဖြည်းဖြည်းပူအိုက်လာပါပြီ။ မနက်စောစော ရုံးသွား၊ ရုံးခန်းထဲမှာပဲနေ၊ ညမိုးချုပ်မှ အိမ်ပြန်ရောက်တဲ့သူတွေအတွက် ပြဿနာမရှိပေမယ့် နေ့ခင်းဘက်မှာမှ အရေးတကြီး သွားစရာ လာစရာပေါ်လာတဲ့အခါ ပါးပါးလျလျ ပွပွယယလေးနဲ့ လေဝင်လေထွက်ကောင်းတဲ့ အင်္ကျီလက်ရှည်လေးတွေ ဝတ်ဆင်ပေးပါ။ ဒီရက်ပိုင်းတွေမှာ နေ့ခင်းဘက် နေပူထဲ မထွက်လိုက်နဲ့ ထွက်လိုက်တာနဲ့ အသားတွေပါ ပူလာပြီး အသားတွေကျက်လာပြီလားလို့တောင် အောက်မေ့နေရတာပါ။

ရေဘူး

Source: Shutterstock

ဘယ်နေရာသွားသွား ရေဘူးလေး သယ်သွားကြပါ။ Gym သွားဆော့မှ ရေဘူးသယ်သွားရမှာမဟုတ်ပါဘူး။ ပုံမှန်ဆိုရင် ဟိုနားဒီနား သွားတဲ့အခါ ရေသောက်ဖို့ မေ့တတ်ကြပါတယ်။ ရေဘူးကို လက်ထဲမှာ ကိုင်ထားတဲ့အခါကျတော့ ရေသောက်ဖို့ မမေ့တော့ဘူးပေါ့။ အိမ်မှာနေတဲ့သူ၊ ရုံးမှာ ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေကလည်း ရေဘူးနဲ့ ရေခွက်လေးကို ကိုယ့်ဘေးနားမှာ ဆောင်ထားရပါမယ်။ နွေရာသီက ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်မြန်တဲ့ရာသီဖြစ်တာကြောင့် အသက်ကို ဥာဏ်စောင့်ဆိုသလို ရေများများသောက်ဖို့ မမေ့ကြပါနဲ့။

နေလောင်ကာခရင်မ်

Source: Shutterstock

ကျန်းမာရေးကလည်း အရေးကြီးသလို အသားအရေအလှအပကလည်း အရေးပါပါတယ်။ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးခြင်းမှ ကာကွယ်ဖို့အတွက် နေလောင်ကာခရင်မ် လိမ်းပေးပါ။ နေလောင်ကာ ခရင်မ်က တစ်နေကုန် မခံတာကြောင့် ၃ နာရီခြားတစ်ခါလောက် လိမ်းပေးရပါမယ်။

နေကာမျက်မှန်

Source: Shutterstock

မျက်လုံးကလည်း လူ့ခန္ဓာကိုယ်အတွက် အရေးအကြီးဆုံးအင်္ဂါအစိတ်အပိုင်းတစ်ခုပါပဲ။ နေကာမျက်မှန်ဆိုရာမှာ UV ကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ အရည်အသွေးကောင်းမွန်သော နေကာမျက်မှန်ပဲဖြစ်သင့်ပါတယ်။ ဖန်စီအလှတပ်နေကာမျက်မှန်တပ်ခြင်းက နေကာမျက်မှန်လုံးဝမတပ်တာထက် မျက်လုံးအတွက် ပိုအန္တရာယ်များပါတယ်။ ကိုယ့်မျက်လုံးကို သနားတယ်ဆိုရင် ကိုယ့်ရဲ့ပိုက်ဆံကို အရည်အသွေးကောင်းနေကာမျက်မှန်တစ်လက်ထံမှာ ရင်းနှီးမြှုပ်နှံလိုက်ပါ။

ဦးထုပ်၊ ထီး

Source: Shutterstock

နေပူထဲထွက်ပြီဆိုတာနဲ့ ဦးထုပ်နဲ့ ထီးတို့ကို မပါမဖြစ်ယူသွားရပါမယ်။ “ငါက ယောကျာ်းလေးပဲ နုဖတ်နေလို့မဖြစ်သေးပါဘူး၊ ဒီနေလောက်တော့ အပျော့ပါ” ဆိုပြီး အထင်မသေးလိုက်ပါနဲ့။ နေက ယောကျာ်း၊ မိန်းမ မခွဲခြားပါဘူး။ အရေပြားကင်ဆာမခံစားချင်ရင်ဘူးဆိုရင် အပြင်ထွက်တိုင်း ထီး (သို့) ဦးထုပ် ဆောင်းပေးရပါမယ်။

ဒီအချက်လေးတွေကို စာဖတ်သူတို့ သိပြီးသားဖြစ်ပေမယ့် ပညာရှိသတ္တိဖြစ်ခဲ ဖြစ်တတ်တာကြောင့် နွေရာသီမှာ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့ရန်အတွက် ထပ်ဆောင်းသတိပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။