အစားအသောက်ခုံမင်နှစ်သက်တဲ့သူတွေအဖို့ အရသာရှိတဲ့ အစားအသောက်ကောင်းတွေကို လျော့စားရတာလောက် ဝမ်းနည်းစရာကောင်းတာ မရှိပါဘူး။ စာဖတ်သူရော အစားတွေ အရမ်းစားပြီး ဝိတ်တက်လာလို့ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေပါသလား။ ဝိတ်ကလည်း ကျချင်တယ် အစားကလည်း ဘယ်လိုမှလျော့လို့မရဘူးဖြစ်နေပါသလား။

ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ရင်း အစား စားချင်စိတ်ကို လျော့ချလို့ရတယ်နော်။

ရေများများသောက်ပါ။

Source: Freepik.com

ဒီနည်းလမ်းကတော့ အလွယ်ကူဆုံးနည်းလမ်းလေးပဲဖြစ်ပါတယ်။ ရေများများသောက်ခြင်းက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပြည့်ဝနေအောင် ပြုလုပ်ပေးတဲ့အတွက် ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ ဝိတ်လျော့ချင်သူများအနေနဲ့ကတော့ အစား မစားခင် ၁၅ မိနစ်၊ မိနစ် ၃၀ လောက်အလိုမှာ ရေ ၄ ခွက်၊ ၆ ခွက်လောက် သောက်သုံးသင့်ပါတယ်။ ဒါဆိုရင် အစား အများကြီးမစားမိအောင် ဘရိတ်အုပ်ထားပြီးသားဖြစ်သွားပါတယ်။

ပန်းကန်သေးသေးလေးနဲ့ စားပါ။

Source: Healthcomu.com

ဒီနည်းလမ်းက အသုံးမဝင်ဘူးလို့ လူအများစုက ထင်မှတ်ကြပါတယ်။ ပန်းကန်သေးသေးလေးနဲ့စားလည်း ဗိုက်မဝသေးရင် ထမင်းထပ်ယူမှာပေါ့လို့ ပြန်လည်ချေပပြောဆိုပါလိမ့်မယ်။ ဒါပေမဲ့ သင့် ဦးနှောက် ထပ်မယူအောင် လှုံ့ဆော်ပေးနေတာကို ရက်အတော်ကြာမှာ သတိထားမိပါလိမ့်မယ်။

အစားအစာကို ကြေညက်အောင် ဝါးစားပါ။

Source: Freepik.com

အစားအစာကို ဖြည်းဖြည်းချင်းနဲ့ ကြေညက်အောင် ဝါးစားခြင်းက ဗိုက်ပြည့်သွားပြီဖြစ်ကြောင်း၊ အလွန်အကျွံမစားမိတော့အောင် ဦးနှောက်ကို လှမ်းအသိပေးဖို့အချိန်ရပါတယ်။ ဒီနည်းလမ်းနဲ့ အစားစားချင်စိတ်ကို တားဆီးပြီးသားဖြစ်ပါတယ်။

သရေစာမုန့်များနဲ့ မုန့်အချိုများ ဝယ်မထားပါနဲ့။

Source: Freepik.com

အစားအစာတွေကို မျက်စိရှေ့မှာ မြင်နေရတဲ့အခါ အစားစားချင်စိတ်ကို ပိုမိုနှိုးကြွစေပါတယ်။ တကယ်တမ်းဗိုက်မဆာဘဲနဲ့ သင့်ရဲ့စိတ်ကသာ မုန့်စားချင်စိတ်ကို တောင့်တနေပါလိမ့်မယ်။ ဒါ့ကြောင့် သရေစာမုန့်နဲ့ မုန့်အချိုများကို သုံးရက်စာ ရိက္ခာ၊ တစ်ပတ်စာ ရိက္ခာ စသည်ဖြင့် ဝယ်ယူသိုလှောင်ထားခြင်းမှ ရှောင်ကြဉ်ပါ။

သစ်သီးဝလံများ စားသုံးပါ။

Source: Freepik.com

သရေစာမုန့်များကို သိုလှောင်ထားလို့မရပေမယ့် သစ်သီးဝလံများကိုတော့ ဝယ်ယူစုဆောင်းထားပါ။ နေ့လည်နေ့ခင်းဖြစ်ဖြစ်၊ ညလယ်စာဖြစ်ဖြစ် တစ်ခုခုကို စားချင်စိတ်ပေါ်နေတဲ့အခါ သစ်သီးဝလံများကို စားသုံးပေးနိုင်ပါတယ်။