အားကစားသမိုင်းတစ်လျှောက် လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်လောက်အောင် အထင်ကရဖြစ်ခဲ့တဲ့ ထိပ်ထိပ်ကြဲအကျော်အမော်တွေဆိုတာ လက်ချိုးရေလို့ရ‌အောင် နည်းပါတယ်။ ဒီလို လူနည်းစုထဲမှာ မိုက်ကယ်ဂျော်ဒန်လည်း ပါပါတယ်။

NBA ဘက်စကတ်ဘော လောကမှာ အထင်ရှားဆုံး ပါရမီရှင်တစ်ဦးဖြစ်သလို ကမ္ဘာကျော် Jordan brand နဲ့လည်း လူသိများတဲ့သူဟာ ဒီနေ့ချိန်မှာ ဘီလျံနာတစ်ဦးလည်း ဖြစ်နေပါပြီ။ အသက် ၅၉ နှစ်အရွယ် မိုက်ကယ်ဂျော်ဒန် ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကနေ ထွက်ပေါ်လာတဲ့ အဖိုးတန်တဲ့ စကားတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) အခြေခံက စပါ

Photo: Insider

အခြေခံဆိုတာ ဘယ်နေရာမျိုးမှာမဆို အရေးကြီးတဲ့ သဘောတရာပဲဖြစ်ပါတယ်။ “အောက်ခြေတွေ ကျေညက်ရင် ကိုယ်လုပ်တဲ့အရာအားလုံးရဲ့ Level တက်လာလိမ့်မယ်” လို့ မိုက်ကယ်ဂျော်ဒန်က ပြောခဲ့ပါတယ်။ သင်ဟာ တစ်နေ့ကို ၈ နာရီ မြားပစ်လေ့ကျင့်နိုင်တယ်။ လေ့ကျင့်နည်းမှားနေရင်တော့ တလွဲနည်းလမ်းနဲ့ မြားပစ်တော်နေတာပဲ ဖြစ်မယ်လို့လည်း ဆိုပါတယ်။

(၂) ပန်းတိုင်တွေ ချမှတ်ပါ

Photo: ESPN

ရည်မှန်းချက်တွေဟာ လူတွေရဲ့ဘဝကို ပုံဖော်ဖို့ ချလိုက်တဲ့ မျဉ်းကြိုးလေးတွေ ဖြစ်ပါတယ်။ ပန်းတိုင်ထားခြင်းနဲ့ ပတ်သက်ပြီး မိုက်ကယ်ဂျော်ဒန်က “ကျွန်တော်သာ လုံလောက်တဲ့အားထုတ်ကြိုးပမ်းမှု လုပ်မယ်ဆိုရင် တကယ်ဖြစ်မြောက်လာနိုင်တဲ့ ကျိုးကြောင်းဆီလျော်မှုရှိပြီး ထိန်းချုပ်နိုင်မယ့် နောက်ထပ်ပန်းတိုင်တစ်ခု ချခဲ့တယ်။ အရာတိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်ခဲ့တယ်။” လို့ ပြောခဲ့ပါတယ်။

(၃) ဖြစ်အောင် လုပ်ပါ

Photo: Quote Ambition

ကိုယ်လိုချင်တာတွေ အားလုံး ပြောပြလို့ရပါတယ်။ ဒါပေမယ့် တကယ်ဖြစ်လာဖို့က ဖြစ်အောင် လုပ်မှ ရတာပါ။ မိုက်ကယ်ဂျော်ဒန်ရဲ့ စကားနဲ့ဆိုရင် “တချို့က တကယ်ဖြစ်လာချင်တယ်။ တချို့က ဖြစ်လာအောင် ဆုတောင်းတယ်။ တချို့က တကယ်ဖြစ်အောင် လုပ်တယ်” လို့ ပြောရမှာပါ။

(၄) ကိုယ့်ဟန်ကို စမ်းသပ်ပါ

Photo: basketballforever

အသစ်တွေလုပ်ဖို့ မကြောက်ပါနဲ့။ ဘာလို့လည်းဆိုရင် ကိုယ့်ကိုယ်ကိုယ် သိဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မှု လုပ်မှ ရတာမို့ ဖြစ်ပါတယ်။ “ကျွန်တော့် အားကစားသက်တမ်းမှာ ခြင်းထဲမဝင်တဲ့ပစ်ချက်ပေါင်း ၉၀၀၀ ကျော် ရှိခဲ့တယ်။ ပွဲပေါင်း ၃၀၀ နီးပါး ဆုံးရှုံးခဲ့တယ်။ ကျွန်တော့် သွင်းနိုင်မယ်လို့ အပိုင်တွက်ထားပြီး လွဲခဲ့တာ ၂၆ ကြိမ် ရှိတယ်။ ကျွန်တော့်ဘဝမှာ ထပ်တလဲလဲ ရှုံးနိမ့်ခဲ့တယ်။ ဒါကြောင့်ပဲ ကျွန်တော် အောင်မြင်တာပါ”လို့ မိုက်ကယ်ဂျော်ဒယ်က ပြောပါတယ်။

(၅) စွဲစွဲမြဲမြဲလုပ်ဆောင်ပါ

Photo: highsnobiety

အလုပ်တစ်ခုခုကို စွဲစွဲမြဲမြဲလုပ်ဆောင်ခြင်းရဲ့ အကျိုးကို လျှော့မတွက်ပါနဲ့။ စွဲမြဲစွာ လုပ်ဆောင်ခြင်းမှာ စွမ်းအားရှိပါတယ်။ စွဲစွဲမြဲမြဲလုပ်မယ်ဆိုရင် အကျိုးပေးမယ်လို့ မိုက်ကယ်ဂျော်ဒန်က ပြောခဲ့ပါတယ်။

“အလုပ်တစ်ခုမှာ နှစ်ပြီး လုပ်နေမယ်ဆိုရင် ရလဒ်တွေ ထွက်လာမှာပဲလို့ ကျွန်တော်ဖြင့် အမြဲယုံကြည်တာ”