တစ်ချို့အလုပ်အကိုင်တွေဟာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ လုပ်ရသလောက် ဝင်ငွေလည်း ထင်သလောက် မကောင်းပါဘူး။ မနက် ၉ ကနေ ညနေ ၆ နာရီအတွင်း ငြီးငွေ့ စရာ နိစ္စဓူဝ ရုံးအလုပ်တွေထဲ လှည့်ပတ်လုပ်ရတဲ့ အလုပ်တွေရှိသလို ဝါသနာအလျောက် လုပ်ရလို့ ပျော်ဖို့လည်း ကောင်း လစာလည်း မြင့်တဲ့ စိတ်လှုပ်ရှားစရာ အလုပ်တစ်ချို့လည်း ရှိပါသေးတယ်။

(၁) ဖာရာရီ ကားမောင်းသင်ပေးသူ

Source: pexels

ကားမောင်းတာဆိုပေမယ့် တန်ဖိုးကြီး ဖာရာရီ ကားမောင်းသင်တဲ့ အလုပ်က တကယ့်ကို လစာကောင်းတဲ့ အလုပ်ထဲမှာ ပါပါတယ်။ ဖာရာရီ ပြိုင်ကား ဝယ်သူ အများစုဟာ ကားဝယ်ပြီး တစ်ခါတည်း တက်မောင်းတာ မဟုတ်ဘဲ ဖာရာရီ ကားမောင်းသင်တန်းကို သီးသန့်တက်ကြပါတယ်။ ဒီသင်တန်းက ဒေါ်လာ ၉၀၀၀ ကုန်ကျတဲ့ သင်တန်းလည်း ဖြစ်ပါတယ်။ ဖာရာရီကားမောင်းသင်ပေးတဲ့ အလုပ်ဟာ တစ်နှစ်ကို ဒေါ်လာ ၉ သောင်းကနေ ၁ သိန်း ၂ သောင်းအထိ ဝင်ပါတယ်။ အလုပ်အကိုင် လိုအပ်ချက်အနေနဲ့ ပရော်ဖက်ရှင်နယ် ကားပြိုင်ပွဲတွေမှာ အတွေ့အကြုံရှိဖို့လိုပြီး ကျွမ်းကျင်အဆင့် ယာဉ်မောင်းသင်တန်း သင်ကြားဖူးသူ ဖြစ်ဖို့လိုပါတယ်။

(၂) ဂိမ်မာ

Source: pexels

ပရော်ဖက်ရှင်နယ် ဗွီဒီယိုဂိမ်မာတစ်ယောက်ဟာ ကိုယ်ဝါသနာပါတဲ့ ဂိမ်းကစားရင်း ပျမ်းမျှ တစ်နှစ်ကို ဒေါ်လာ ၅ သောင်း ရတယ်လို့ဆိုပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ Fortnite ဂိမ်းကစားရင်း Livestream လုပ်ပြီး Review လုပ်တဲ့ ဂရစ်ဖင်စပစ်ကိုစကီးဆိုတဲ့ ဆယ်ကျော်သက်အရွယ် ဂိမ်မာကတော့ တစ်နေ့ကို ၈ နာရီကနေ ၁၈ နာရီအထိ ဂိမ်းကစားရင်း ဒေါ်လာ ၂ သိန်း နီးပါး ရှာနိုင်ခဲ့ပါတယ်။
Apex Legends ဂိမ်းကို လူသိအောင် ကြော်ငြာပေးတဲ့ Ninja ဆိုရင် ဒေါ်လာ ၁ သန်း ထိ ရတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ဒေါ်လာ သန်းချီ ဆုကြေးတွေ ပေးနေတဲ့ ဂိမ်းပြိုင်ပွဲတွေလည်း ခပ်စိတ်စိတ် ကျင်းပနေပါတယ်။ ပရော်ဖက်ရှင်နယ် ဂိမ်မာ ဖြစ်ဖို့ ဘွဲ့တွေ ၊ ဒီဂရီတွေက အရေးမပါဘဲ ဂိမ်းမှာ တကယ် စကေးကြမ်းဖို့ ၊ တကယ့်ကျွမ်းကျင် pro အဆင့်ဖြစ်ဖို့နဲ့ ဂိမ်းကစားရရင် ပျော်နေဖို့လိုပါတယ်။

(၃) ကိုယ်ပိုင်ကျွန်းတွေ စောင့်ရှောက်သူ

Source: pexels

Queensland ခရီးသွားလုပ်ငန်းဟာ ဟာမီလ်တန်ကျွန်းပေါ်မှာ နေထိုင်ပြီး ကျွန်းလုံခြုံရေးနဲ့ ခရီးသွားများကို စောင့်ရှောက်ပေးမယ့် အလုပ်အတွက် ဒေါ်လာ ၁ သိန်း ခွဲပေးထားပါတယ်။ ဒီအလုပ်ရဲ့ ထူးခြားမှုက ရေကူးတတ် ၊ ဒေသခံလူမျိုးတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပြီး ကမ်းခြေရဲ့ Lifestyle နဲ့ ရာသီဥတုကို ချစ်တတ်သူ ဖြစ်ရင် ကျွန်းကို ခရီးသွားတွေ လာချင်လာအောင် ဆွဲဆောင်ပြီး အပတ်စဉ် အစီရင်ခံစာ တစ်စောင်ရေးနေရင်ကို ရပါတယ်။

(၄) ဟက်ကာ

Source: pexels

Ethical Hacker အနေနဲ့ တရားဝင်ရပ်တည်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကမ္ဘာ့သတင်းအချက်အလက် အာမခံလက်မှတ် GIAC အောင်ဖို့ ၊ တန်ပြန်လုံခြုံရေးကျွမ်းကျင်မှု လက်မှတ် OSCP တို့ ရထားဖို့လည်း လိုပါတယ်။ ဟက်ကာတွေဟာ ကွန်ပျူတာတစ်လုံးနဲ့ ကမ္ဘာကြီးကို ချိတ်ဆက်နေရရင်ကို ပျော်နေတတ်ပါတယ်။
သူတို့ ပျော်တဲ့ ဒီအလုပ်ကနေ တစ်နှစ်ကို ဒေါ်လာ ၁ သိန်း ကနေ ၁ သိန်း ၄ သောင်းအကြား ရရှိကြပါတယ်။ Facebook နဲ့ Google တို့လို အိုင်တီကုမ္ပဏီကြီးတွေကတော့ သူတို့ ကုမ္ပဏီရဲ့စနစ်မှာ ဘယ် bug ဘယ်လို လုံခြုံရေးယိုပေါက်ရှိသလဲဆိုပြီး ရှာပေးနိုင်တဲ့ အပြင်က အလွတ်တန်း ဟက်ကာတွေကို ဆုပါ ချီးမြှင့်ကြပါတယ်။

(၅) ဝိုင်ကျွမ်းကျင်သူ

Source: pexels

ဝိုင်ကို အရသာခံသောက်ရင်း ဆိုင်လာတဲ့ ဧည့်သည်တွေကို ဘယ်ဝိုင်သောက်သင့်တယ် အကြံပြုရတဲ့ အလုပ်ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကိုလည်း လှည့်သွားပြီး ဝိုင်သစ်တွေ လိုက်မြည်းစမ်းရတဲ့ အလုပ်ဖြစ်ပါတယ်။ ဝိုင်အကြောင်း အတွင်းကျကျ သိထားဖို့ လိုပြီး ဝိုင်အရသာခံရာမှာ အာရုံခံစနစ် မြင့်မားရသလို ဆက်ဆံရေးမှာလည်း ပွဲကျအောင် ပြောတတ်ရပါတယ်။ ဒီအလုပ်ကို လုပ်တဲ့ လူတွေဟာ အခြေခံလစာအနေနဲ့ တစ်နှစ်ကို ဒေါ်လာ ၄ သောင်းကနေ ကျွမ်းကျင် ဆရာအဆင့်မှာတော့ တစ်နှစ်ကို ဒေါ်လာ ၁ သိန်းခွဲအထိ ရအောင် ရှာနိုင်ကြပါတယ်။