စစ်အေးကာလလို့ ခေါ်ကြတဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေဟာ ယဉ်ကျေးမှုနဲ့ လူမှုဘဝပုံစံတွေကို အကြီးအကျယ်ပုံစံပြောင်းလဲစေခဲ့တဲ့ နှစ်ကာလတွေပါပဲ။ အဲ့ဒီနှစ်တွေအတွင်းမှာ ထွက်ခဲ့တဲ့ စာပေ ၊ ဂီတနဲ့ ရုပ်ရှင်အနုပညာတွေလည်း ရသခံစားမှုအသစ် ပြောင်းသွားခဲ့ပါတယ်။ နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာကြီးတွေဖြစ်တဲ့ ဟစ်ချ်ကော့ နဲ့ ဘီလီဝိုင်းဒါးတို့ရဲ့ အကောင်းဆုံးလက်ရာ ရုပ်ရှင်ဇာတ်ကားတွေလည်း ၆၀ ပြည့်လွန်နှစ်တွေမှာ ထွက်ရှိခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ အကောင်းဆုံး မဟုတ်တောင် ၁၉၆၀ ခုနှစ်တွေဆီက အရေးပါဆုံး ရုပ်ရှင်ကားတွေအကြောင်း ပြောပြချင်ပါတယ်။

(၁) The Apartment (1960)

The Apartment (1960)

Photo: Alternate Ending

၁၉၅၀ ပြည့်လွန်နှစ်တွေက အောင်မြင်တဲ့ Classic ရုပ်ရှင်တွေ ဖြန့်ချိခဲ့တဲ့ ဒါရိုက်တာ ဘီလီဝိုင်းဒါးဟာ The Apartment ဆိုတဲ့ ထင်ရှားတဲ့ရုပ်ရှင်ကားတစ်ကား ရိုက်ခဲ့ပါတယ်။ ဒီကားဟာ အကောင်းဆုံးရုပ်ရှင်ဓါတ်ပုံဆု ၊ ဒါရိုက်တာဆုနဲ့ ဇာတ်ညွှန်းဆု အပါအဝင် အော်စကာဆု ၅ ဆု ရခဲ့ပါတယ်။

ဇာတ်ကားမှာ ကုမ္ပဏီကြီးတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ စီစီဘက်ချ်တာ (မင်းသားဂျက်ခ်လန်မွန်) ဟာ သူနေတဲ့ တိုက်ခန်းကို သူ့ရုံးက အထက်လူကြီးတွေ စကီလေးတွေနဲ့ ချိန်းတွေ့လို့ ရအောင် လုပ်ပေးတဲ့သူပါ။ ဒီလို ခွင်ဖန်ပေးရင်းနဲ့ ရုံးထဲက ထိပ်တန်းအမှုဆောင်တစ်ယောက်ရဲ့ အငယ်အနှောင်း ဖရန် ကူဘယ်လိခ် (မင်းသမီး ရှာလေး မက်စ်လိန်း) ကို ချစ်မိသွားခဲ့ပါတယ်။ ဇာတ်မြူးကားတစ်ကားဖြစ်ပြီး အဲ့ဒီခေတ်က ဟောလီးဝုဒ်အတွင်းမှာ ကြုံနေတဲ့ လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်း ချပြထားပါတယ်။

(၂) Psycho (1960)

Psycho (1960)

Photo: Hollywood Reporter

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ၁၉၆၀ ပြည့်လွန်နှစ်တွေက ရုပ်ရှင်လောကမှာ အဲလ်ဖရက်ဒ် ဟစ်ချ်ကော့ဟာ ထိပ်ထိပ်ကြဲ ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။ Psycho ကို ဟစ်ချ်ကော့ဟာ သုံးနေကျထက် ပိုက်ဆံလျှော့သုံးပြီး ရိုက်ကူးထားတာပါ။

အဖြူအမည်း ရုပ်ရှင်အမျိုးအစားဖြစ်ပြီး မြို့သေးသေးတစ်မြို့ရဲ့ မိုတယ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုအကြောင်း ရိုက်ထားတာ ဖြစ်ပါတယ်။ အမှုကို စုံစမ်းရင်းနဲ့ ထိတ်လန့်စရာကိစ္စတွေ တွေ့ရှိလာပါတယ်။ Psycho ရုပ်ရှင်နဲ့ သူ့ရဲ့ နာမည်ကျော် ရေချိုးတဲ့အခန်းဟာ နောက်ထွက် သည်းထိတ်ရင်ဖိုကားတွေအတွက် Inspire ဖြစ်စေခဲ့ပါတယ်။

(၃) West Side Story (1961)

West Side Story (1961)

Photo: more movies

ဒီရုပ်ရှင်ဟာ ကမ္ဘာကျော်ပြဇာတ်ရေးဆရာကြီး ဝီလျံရှိတ်ခ်စပီးယားစ်ရဲ့ ရိုမီယိုနဲ့ဂျူးလီးယက်ကို ခေတ်ပြိုင်ဂီတရုပ်ရှင်ပုံစံ ပြန်အသက်သွင်းထားတာပါ။ မတူညီတဲ့ ရန်ဘက် မျိုးရိုးနောက်ခံက လာတဲ့ ဆယ်ကျော်သက်နှစ်ဦး နယူးယော့ခ်မှာ ဆုံဆည်းပြီး ချစ်ကြိုက်သွားခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာစတီဗင် စပီးလ်ဘာ့ဂ် ရိုက်ထားတာ ဖြစ်ပါတယ်။

ရုပ်ရှင်ထဲမှာ သုံးသွားတဲ့ Somewhere (There’s a Place for Us) ၊ America နဲ့ Tonight သီချင်းတွေဟာ အမေရိကန်ဂီတပြဇာတ်နဲ့ ရုပ်ရှင်သမိုင်းထဲက အကျော်ကြားဆုံး သီချင်းတွေ ဖြစ်ခဲ့ပါတယ်။ Box Office မှာ ဝင်ငွေအမြောက်အများရခဲ့သလို အကယ်ဒမီဆုပေါင်း ၁၀ ဆုအထိ ဆွတ်ခူးနိုင်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

(၄) Dr. No (1962)

Dr. No (1962)

Photo: Burmese Subtitles

လွန်ခဲ့တဲ့ အနှစ် ၆၀ လောက်ကတည်းက ဗြိတိန်စူပါသူလျှို ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားတွေ ပေါ်ပေါက်လာခဲ့တာပါ။ ပထမဆုံး ဂျိမ်းစ်ဘွန်းကာရိုက်တာက မင်းသားကြီး ရှောင်ကွန်နရီဖြစ်ပြီး ဇာတ်ကားက Dr.No ဖြစ်ပါတယ်။ ဒီကားရဲ့ အောင်မြင်မှုတွေကြောင့် ဂျိမ်းစ်ဘွန်းကားတွေ အလီလီ ထွက်လာလိုက်တာ အခုဆို ၂၅ ကားအထိ ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

နှစ်ပေါင်း ၆၀ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေကလည်း အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့သလို ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ စိတ်နှလုံးကိုလည်း သိမ်းကျုံးယူနိုင်ခဲ့ပါတယ်။

(၅) 8 1/2 (1963)

8 1/2 (1963)

Photo: Roger Ebert

အီတလီရဲ့ အကျော်ကြားဆုံးဒါရိုက်တာ ဖီဒါရီကို ဖယ်လိုင်နီရဲ့ မာစတာပိစ်လို့ ခေါ်တဲ့ ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာတစ်ယောက်ရဲ့ လူ့ဘဝသက်တမ်းတစ်ဝက်မှာ ကြုံရတဲ့ ဘဝပြဿနာတွေအကြောင်းကို တင်ဆက်ထားတာပါ။ ရုပ်ရှင်အတ္ထုပ္ပတ္တိကားအမျိုးအစားဖြစ်ပြီး ဆာရီယယ်လစ်ဇင်ဆန်မှုကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကို မှီးပြီး နောက်ပိုင်းမှာ ဒါရိုက်တာအတော်များများ ဆာရီယယ်လစ်ဇင်ဆန်ဆန်ဖော်ကျူးမှုတွေ ဖန်တီးလာခဲ့ပါတယ်။ 8 1/2 ဟာ အကောင်းဆုံးနိုင်ငံခြားရုပ်ရှင် အကယ်ဒမီဆု ရခဲ့ပြီး ဒါဟာ ဖယ်လိုင်နီရဲ့ တတိယမြောက် အော်စကာဆုလည်း ဖြစ်ခဲ့ပါတယ်။

ဒီရုပ်ရှင်တွေအပြင် ၆၀ ပြည့်လွန်နှစ်တွေဆီက အရေးပါထင်ရှားခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ A Hard Day’s Night (1964) ၊ The Good, The Bad and The Ugly (1966) ၊ Bonnie and Clyde (1967) ၊ In The Heat of The Night (1967) ၊ The Producers (1967) ၊ Planet of The Apes (1968) နဲ့ 2001: A Space Odyssey (1968) စတဲ့ ရုပ်ရှင်တွေလည်း ထည့်ပြောရမှာပါပဲ။

Featured Photo: Dailymotion